မိုးကြိုကာလမုန်တိုင်းသုံးလုံးဝင်ခဲ့ခြင်းက နှစ် ၃၀အတွင်း အထူးခြားဆုံးရာသီဥတုဖြစ်စဉ်ဟု ဒေါက်တာထွန်းလွင်ပြော

မိုးကြိုကာလမုန်တိုင်းသုံးလုံးဝင်ခဲ့ခြင်းက နှစ် ၃၀အတွင်း အထူးခြားဆုံးရာသီဥတုဖြစ်စဉ်ဟု ဒေါက်တာထွန်းလွင်ပြော
 

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းတွေ၊ ရေကြီးတာတွေနဲ့ပတ်သက်ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နဲ့ မဇ္ဈိမသတင်းထောက် စိုးသူအောင်က ဇွန်လ ၁၂ရက် ညနေပိုင်းက သွားရောက်မေးမြန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ မနေ့ကဖြစ်ခဲ့တဲ့ မုန်တိုင်းငယ် 03B ဟာ မိုးကြိုကာလအတွင်းဖြစ်ခဲ့တဲ့ ၃ လုံးမြောက်မုန်တိုင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ၂၀၁၇ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ နှစ် ၃၀ အတွင်း ထူးခြားတဲ့နှစ်ဖြစ်တယ်လို့ ဒေါက်တာထွန်းလွင်ကပြောပါတယ်။

မုန်တိုင်းတွေဖြစ်ပေါ်လာတာနဲ့ ဆက်စပ်တဲ့ ရေကြီးမှုတွေအကြောင်းကိုလည်း သူကဆက်ပြောပါတယ်။ ဧရာဝတီတိုင်းဟာ နှစ်တိုင်းရေကြီးမှုဒဏ်ကို ခံစားလာရတာကြောင့် အခုနှစ်ဟာ ဧရာဝတီတိုင်းဟာ အန္တာရယ်ရှိတဲ့အဆင့်ထိရှိတာကြောင့် ရေကြီးမှုတွေကို သတိထားရမယ်လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မေး ။  ။  အခုရက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ မုန်တိုင်း 03B နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

ဖြေ ။    ။ ဒီမုန်တိုင်းက နံပါတ်တစ်က သိပ်အားမကောင်းပါဘူး။ ၁ နာရီ မိုင် ၄၀ လောက်ပါပဲ။ ၄၀ ဆိုတော့ မုန်တိုင်းအဆင့်တော့ရောက်တယ်ပေါ့။ ဘာလို့ဆိုတော့ မုန်တိုင်းတွေမှာ သတ်မှတ်ချက်ရှိတာကိုး။ မုန်တိုင်းငယ် လေတိုက်နူန်းက ရေပေါ်မှာဖြစ်တော့ ပေးတတ်တဲ့လေတိုက်နှုန်းက သူက ရေပေါ်မှာဖြစ်တော့ ရေမိုင်နဲ့ပေးတာပေါ့။ ရေမိုင်နဲ့ပေးတော့ ရေမိုင် ၃၃ လောက်ဖြစ်တဲ့အချိန်ပေါ့ ၃၀ ကျော်တဲ့အချိန်မှာ မုန်တိုင်းကြေငြာလို့ ရတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ၂၈ ကနေ ၃၃ ထိ မုန်တိုင်းငယ်လို့ သတ်မှတ်ထားတာပေါ့။ အဲ့တော့မုန်တိုင်းဖြစ်တယ် အဲ့ဒါကို နာမည်ပေးပြီးကြေငြာတဲ့ အဖွဲ့ကတော့ နာဆာ(NASA) ပေါ့ အမေရိကန် နာဆာ။ သူကတော့ 96B လို့နာမည်ပေးတယ်။ ဆရာတို့က ကတော့ 03B လို့နာမည်ပေးတယ်။ ဒီမုန်တိုင်းကမကြာဘူး။ ညပိုင်းလောက်ပဲ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ပေါ့။ အဲ့ဒီ့နယ်စပ်နားက ကမ်းကိုဖြတ်တယ်။ ဖြတ်ပြီးတော့သူက အရှေ့မြောက်ကိုသွားတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်သွားတာပေါ့။ ပြီးးတော့ မနေ့က နေ့လယ် ၁၂ နာရီထိ လေတိုက်နှုန်း တစ်နာရီမိုင် ၄၀ ရှိနေသေးတယ်။ ဗဟိုချက်ကတော့ အထဲကိုရောက်နေပြီ။ ချင်းနဲ့ဘေးချင်းယှဉ်လောက်ရောက်နေပြီ။ ဒါပေမယ့် ညနေပိုင်းလောက်ကျရင်တော့ အားလျာ့ပြီး မုန်တိုင်းအဆင့် သတ်မှတ်လို့မရတဲ့ လေတိုက်နူန်းထိ သူကသွားမှာပေါ့။ အဲ့ဒါကျရင်တော့ လေဖိအားနည်း ရပ်ဝန်းခေါ်တာပေါ့။ လေဖိအားနည်းရပ်ဝန်း ဖြစ်သွားမယ်။ ဒါမုန်တိုင်းရဲ့လက်ရှိအနေအထားကတော့ နာရီပိုင်းအတွင်းမှာပဲ သူကုန်းတွင်းမှာ အားပျော့ ပျက်ပျယ်သွားမယ်လို့ပဲ လောလောဆယ်တော့ဆုံးဖြတ်ထားတယ်။

မေး ။  ။ ဒီမုန်တိုင်းအပြင် မြန်မာနိုင်ငံမှာ မုန်တိုင်းတွေဆက်လာတဲ့အခါကျတော့ ဒီမုန်တိုင်းက ဘယ်နှစ်လုံးမြောက်လဲပေါ့။ ဘာလို့ အဲ့လောက်ထိ ဝင်နေရတာလဲ။

ဖြေ ။    ။ ဒီနှစ်ကထူးခြားတာပေါ့။ အရင်နှစ်တွေ ပြီးခဲ့တဲ့နှစ်တွေ တော်တော်များများပါပဲ နှစ်ပေါင်း ၃၀ လောက်အတွင်းမှာ အခုလို မိုကြို မိုးဦးမှာ မုန်တိုင်း ၃ လုံးလောက်ထိဖြစ်တဲ့နှစ်က တော်တော်ရှားတယ်။ ဒီနှစ်က ဒီမုန်တိုင်းအပါအဝင် ဒါ ဘင်္ဂလားပင်လယ်အော်မှာ ၃ လုံးဖြစ်သွားပြီ။ ဒါကြောင့်လည်း သူ့ကို 03B လို့ခေါ်တာပေါ့။ တကယ်တော့ နာမည်အပြည့်အစုံက 03B 2017 သူကအဲ့လိုပြောရတယ်။ 03 ကတော့ သုံးလုံးမြောက်ပေါ့။ 2017 ကတော့ ဒီနှစ်ပေါ့။ ပထမဆုံးတစ်လုံးက ဒီနှစ်ဘယ်တုန်းကဖြစ်လည်းဆိုတော့ ဧပြီလမှာဖြစ်တယ်။ ဧပြီလ ၂၅ ရက်မှာဖြစ်တဲ့ကောင်က ဆိုင်ကလုန်းမုန်တိုင်းဖြစ်သွားတယ်။ နာမည်က မာရုသ ဆိုင်ကလုန်းမုန်တိုင်း မာရုသ သူက မြန်မာကမ်းရိုးတမ်းကိုဖြတ်တယ်။

ရခိုင်အလယ်ပိုင်းကိုဖြတ်တယ်ဆိုတော့ ကျောက်ဖြုပေါ့ ကျောက်ဖြုကနေဖြတ်ဝင်တယ်။ ဒါပေမယ့် သူကမဖြတ်ခင်မှာ အားလျော့ပြီးမှဖြတ်တော့ မုန်တိုင်း သိပ်အရှိန်မပြင်းဘူးပေါ့လေ။ နောက်တစ်လအကြာ မေ ၂၅ မှာ နောက်ထပ်ဆိုင်ကလုန်းမုန်တိုင်းဖြစ်တယ်။ အဲ့ဒီ့ကောင်ကတော့ မိုရာပေါ့။ ဆိုင်ကလုန်း မိုရာ သူကမုန်တိုင်းဗဟိုချက်အနေနဲ့တော့ ဘင်္ဂလားဒေ့ရှ်ကိုဝင်တယ်။ ဒါပေမယ့် ရခိုင်မြောက်ပိုင်းနဲ့တအား ကပ်ပြီးတော့ သွားတော့ မုန်တိုင်းရဲ့ စက်ကွင်းက မြန်မာပြည်ဘက်ကိုကျတာပေါ့လေ။ ကျတော့ ရခိုင်အပါအဝင် မြန်မာပြည်ထဲမှာ ဒေသတော်တော်များများ မုန်တိုင်းရဲ့လေပြင်း ဒဏ်ကိုခံရတယ်။ ဆရာ မှတ်မိသလောက်ပြောရရင်တော့ အဲ့ဒီ့မိုရာတုန်းက ဧရာဝတီတိုင်းရယ်။ နောက် ရခိုင်ရယ် မကွေးရယ် ချင်းရယ် အဲ့ဒိဒေသတွေ စစ်ကိုင်းနည်းနည်းပါတယ်။ အဲ့တာတွေ လေပြင်းဒဏ်ခံရတယ်။ လေကလည်း ဗဟိုချက်နားမှာတိုက်တာ ကတစ်နာရီကို ၇၆ မိုင်တိုက်တယ်။ မြန်မာပြည်ဘက်မှာတိုက်တာတော့ ၅၅ မိုင်လောက်ပါပဲ။ ဒါပေမယ့် မုန်တိုင်းမှာက မှန်မှန်တိုက်တဲ့လေရှိသလို ဆောင့်ဆောင့် တိုက်တဲ့လေရှိတယ်။ မှန်မှန်တိုက်တဲ့လေကတော့ ဝင်းပေါ့။ ဒီ ဝင်းက ၅၅ မိုင်လောက်ပဲရှိတယ်။ ဒါပေမယ့် ဆောင့်ဆောင့် တိုက်တဲ့လေကျတော့ ၆၀ ကျော် ၇၀ လောက်ဖြစ်သွားတယ်။ ဒါကြောင့် အိမ်ပေါင်း သောင်းချီပြီးတော့ အမိုးလှန်ဘာညာ ပျက်တယ်ဆိုတာ ဖြစ်ခဲ့တာပေါ့။ အခုဒီမုန်တိုင်းကျတော့ ဘာမှမဖြစ်လာက်ဘူးထင်ပေမယ့် အတည်တော့မပြုနိုင်သေးဘူးပေါ့လေ။ ဒါပေမယ့် မိတ်ဆွေတွေရဲ့ ပေးတဲ့သဘောအရ ရခိုင်ပြည်နယ်ဘက်မှာ အခုလိုဝင်ပြီးတဲ့နောက် လေဆင်နှာမောင်းဖြစ်တယ်။ လေဆင်နှာမောင်းဖြစ်ပြီးတော့ အိမ်တွေပြိုတယ် လူနှစ်ယောက်သေတယ်ပေါ့။ ဆိုတော့ အပျက်အဆီးကတော့ အထိုက်အလျောက်ရှိတာပေါ့။ ဒါပေမယ့် ဒီတစ်ခါကတော့ နည်းတယ်ပဲပြောရမှာပေါ့။  ထူးခြားတာကတော့ မုန်တိုင်းအားလုံးဟာ မုန်တိုင်း ဒီရေမတတ်ပါဘူး ဒါကြောင့် နာဂစ်လိုဆိုးတာမျိုးတော့မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့မုန်တိုင်းတွေများနေရလဲဆိုတာ အဲ့လိုများမယ်ဆိုတာကို ဆရာလွန်ခဲ့တဲ့ မတ်လလောက်ထဲက သတိပြုမိတယ်ပေါ့။ အဲ့တာဘာလဲဆိုတော့ ဆရာတို့အမြဲတမ်းလိုလို ရက်ရှည်ခန့်မှန်းချက်တွေထုတ်တယ်ပေါ့ တစ်ခါတစ်ခါထုတ်ရင် ၃ လစာ ၃လစာပေါ့။ ထုတ်တော့ အဲ့ဒီ့ မတ်လ ထုတ်တုန်းက မတ်၊ ဧပြီ၊ မေ ၃ လစာကိုထုတ်လိုက်တဲ့အခါမှာ မိုးရွာသွန်းမှုကိုကြည့်တယ်၊ အပူချိန်ကိုကြည့်တယ်။ နောက်မုန်တိုင်းကိုစိတ်ဝင်စားတဲ့အတွက် ဘင်္ဂလားပင်လယ်အော်ရေပြင်ရဲ့ မျက်နှာပြင်အပူချိန်ကိုကြည့်တယ်။ ကြည့်တော့ အဲ့ဒီ့မျက်နှာပြင်အပူချိန်မှာ ဒီနှစ်အတွက်ပေါ့ အခုရောက်နေတဲ့ ဇွန်လအထိ ပင်လယ်ပြင်မျက်နှာပြင်အပူချိန်က ဘာဖြစ်နေလဲဆိုတော့ မြန်မာ့ကမ်းရိုးတမ်းမှာ ဘယ်နေရာမှ မပါဘူး မြန်မာ့ရေပြင်ပေါ်မှာ ပင်လယ်ရေပြင်မျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် ပိုမယ်လို့သူကခန့်မှန်းထားတယ်။ ပုံမှန်ထက် ဝ.၅ ဒီဂရီ စက်စီဂရိတ် က ၁ ဒီကရီစင်ဒီကရိတ်ပိုမယ်လို့ ခန့်မှန်းထားတော့ ဒါတော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာကြောင့်လည်းဆိုတော့ ပင်လယ်ရေပြင်မျက်နှာပြင်အပူချိန်ဟာ မုန်တိုင်းဖြစ်ပေါ်မှုမှာ လိုအပ်တဲ့အချက် ၄ ချက်ထဲမှာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ မုန်တိုင်းတွေဟာ ပင်လယ်ရေပြင်မျက်နှာပြင်အပူချိန် အနည်းဆုံးပေါ့ ၂၆.၅ ဒီဂရီစင်ဒီဂရိတ်ကျော်မှ မုန်တိုင်းဖြစ်တယ်ဆိုတော့ ပင်လယ်ရေပြင်မျက်နှာပြင်အပူချိန်မြင့်တတ်ခြင်းဟာ မုန်တိုင်းဖြစ်ခြင်းကိုအားပေးတယ်။ ဒါကြောင့် မြန်မာ့ရေပြင်ထဲမှာဝင်လာတဲ့   လေဖိအားနည်းရပ်ဝန်းဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီဘက်ဝင်လာတာနဲ့ ဘာဖြစ်သွားလဲ မုန်တိုင်းဖြစ်သွားတယ်။ မုန်တိုင်းအဖြစ်များတဲ့အကြောင်းအရင်းကတော့ ဒီနှစ်က မြန်မာ့ရေပြင်မှာ အခုနကပြောတဲ့အပူချိန်တွေမြင့်တတ် တာသည်အဓိကအကြောင်းပဲ။

မေး ။  ။ ဟုတ်ကဲ့။ ဒါကမုန်တိုင်းဖြစ်ရတဲ့အဓိကအကြောင်းပေါ့။ ဆိုတော့မုန်တိုင်းတွေ မြန်မာနိုင်ငံမှာနောက်ထပ် ဆက်ဖြစ်လာနိုင်သေးတဲ့သဘောလားမသိဘူး။

ဖြေ ။    ။ ဒါကတော့ အခုနောက်ပိုင်းဖြစ်နေတဲ့ နှစ်တွေရဲ့ တွေ့နေကြပုံစံလေးပေါ့လေ။ ဥပမာ ပြောပြရရင် အခုဇွန်လဆိုတာမိုးဦးဖြစ်သွားပြီပေါ့။ ဒီမိုးဦးမှာ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်းမှာ ဖြစ်တဲ့မုန်တိုင်းကိုပြန်ကြည့်ရင် သူက ၃နှစ်ကိုတစ်လုံးဖြစ်တယ်။ ၃ နှစ် ၁ လုံးမှာ အခုဒီတစ်လုံးပါတွက်လိုက်ရင်တော့ အခုဒီတစ်လုံးပြီးသွားပြီပေါ့။ ဒါပေမယ့် ဒီကောင်က သိပ်အားမကောင်းတဲ့အတွက် မတွက်ဘူးဆိုရင်တော့ နောက်တစ်လုံးတော့ ဖြစ်နိုင်တာပေါ့။ မိုးလယ်က ဇူလိုင်၊ သြဂုတ် ကတော့ ပျမ်းမျှတန်ဖိုးကတော့ ၅ နှစ်မှာ ၄လုံးဖြစ်တယ်။ နှောက်မိုးနှောင်းက စက်တင်ဘာ။ စက်တင်ဘာက ၃နှစ်မှာတစ်လုံးပဲဖြစ်တယ်။ မိုးလွန်က အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာပေါ့။ အဲ့ဒီ့မှာတော့တစ်နှစ်ကို ၄ လုံးဖြစ်တယ်။ ဒီတော့ မုန်တိုင်းအများဆုံးဖြစ်မယ့် ကာလကတော့ အောက်တိုဘာ နိုဝင်ဘာ၊ ဒီဇင်ဘာ ပဲ။ အဲ့တာမိုးလွန်ကာလပဲ အနည်းဆုံး ၄ လုံးက ၅ လုံးဖြစ်မယ်ပေါ့။ အဲ့တော့အဲ့ဒီ့ကာလမှာ မုန်တိုင်းတွေဖြစ်ရင် ဖြစ်နေတာလည်း ၁၁နှစ် ၁၂ နှစ်ရှိပြီပေါ့။မိုးလွန်ကာလမှာ မုန်တိုင်းတွေအဲ့ဒီ့အတိုင်းဖြစ်နေတာ။ ဖြစ်တိုင်းဖြစ်တိုင်းလည်း မြန်မာပြည်ကို ပြသာနာပေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကလမှာဖြစ်တဲ့ မိုးလွန်ကာလဖြစ်တဲ့မုန်တိုင်းဟာ မြန်မာပြည်ကိုထိခိုက်မှုပေးနိုင်တာ နှစ်မျိုးရှိတယ်။ တစ်မျိုးက အဲ့ဒိကာလဖြစ်တဲ့မုန်တိုင်းတွေက မြန်မာပြည်ကို ဝင်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ဝင်တဲ့ မုန်တိုင်းအားလုံးရဲ့ ၄၉ ရခိုင်နူန်းက အဲ့ဒိကာလမှာဖြစ်တာ။ ဒါကြောင့် မုန်တိုင်းအန္တာရယ်ရှိတယ်ပေါ့။ ဒုတိယကတော့ မုန်တိုင်း ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပြီဆိုရင် အဲ့ဒိမုန်တိုင်းကြောင့် မြန်မာပြည်မှာမိုးရွာတယ်။ ဒါပေမယ့် ရွာတဲ့မိုးက အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ ဆိုတော့ မြန်မာလနဲ့ပြောရင်တော့ တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း ဆိုတဲ့ လမျိုးတွေမှာဖြစ်နေတာ့ လယ်သမားများအတွက် ဒီအချိန်ဟာ စိုက်ချိန်ပျိုးချိန်မဟုတ်တော့ဘူး ဒီအချိန်က ရိတ်ချိန် သိမ်းချိန်ဖြစ်နေပြီ။ ရိတ်ချိန် သိမ်းချိန်မှာ မုန်တိုင်းမိုးရွာလိုက်တဲ့အတွက်ကြောင့် ရိတ်ပြီးသိမ်းပြီးသား (သို့မဟုတ်) မရိတ်ရမသိမ်းရသေးပေမယ့် ရိတ်ဖို့ သိမ်းဖို့ အချိန်တန်နေတဲ့ စိုက်ပျိုးပင်တွေအကုန်လုံးဟာမိုးမိတာပေါ့။ မိုးမိတော့ ပျက်ရင်လည်းပျက်မယ် မပျက်ရင်လည်း အထွက်လျော့တာပေါ့။ တစ်နည်းအားပြောရရင်တော့ ဒီမိုးကဘာမိုးဖြစ်မလည်း ဖျက်မိုးပေါ့။ အဲ့ဒီ့ဖျက်မိုးဒဏ်ကတော့ ဆရာတို့ကြုံနေရတာ ၁၁ နှစ်ရှိနေပြီ ဒီနှစ်အဲ့တာလည်း သတိထားဖို့လိုတယ်။ နောက်ဒီနှစ်အထူး သတိထားဖို့လိုတာက ဒီလက်ရှိ အခုလာမယ့် မိုးရာသီ မိုးဦးမိုးလယ် မိုးနှောင်းခုနပြောတဲ့ ဇွန်လ ဇူလိုင်လ သြဂုတ်လ စက်တင်ဘာ ၄ လ အဲ့ဒီ့ ၄လမှာ တစ်လချင်း တစ်လချင်း ရွာနိုင်တဲ့မိုးကိုတွက်ကြည့်တာ လတိုင်းလတိုင်ဟာ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တောင်ပိုင်း၊ တနင်္သာရီတိုင်း ဒါကလွဲရင်တစ်ပြည်လုံးဟာ လတိုင်းလတိုင်းဟာ ရွာသွန်းမြဲထက်ပိုမယ်လို့ အဖြေရတယ်။ အဲ့တော့ ထူးထူးခြားခြား ဒီနှစ်က မိုးကောင်းမယ့်နှစ်ဖြစ်နေတယ်။ အဲ့တော့မိုးကောင်းတဲ့အတွက် ပြသာနာပေါ်မှာက ဘာလဲဆိုတော့ ရေကြီးတာပေါ့။ ရေကြီးတဲ့ဒဏ်ကိုလောလောလတ်လတ်လည်းခံထားရတယ်။ ၂၀၁၅ ၂၀၁၆ ရေကြီးမှုကိုလေ့လာကြည့်တဲ့အခါမှာ ရေကြီးမှုပိုဆိုးတာကိုတွေ့ရတယ်။ ဘာကိုဆိုးတာပြောချင်လည်းဆိုတော့မိုးများ လို့ရေကြီးတာအပြင် မိုများပဲနဲ့ရေကြီးတာပါတွေ့ရတယ်။ အကြောင်းကတော့ ကုန်းမြင့်တို့တောင်ကုန်းတို့ဒေသတွေ မိုးရွာရင်ရွာသမျှမိုးက အရင်လိုထိန်းနိုင်သိမ်းနိုင်တဲ့ သစ်တောတွေမရှိတော့ဘူး။ မရှိတော့ ရွာသမျှမိုးက ဘာတွေဖြစ်ကုန်လဲဆိုတော့ တောင်ကျရေတွေ ဖြစ်ကုန်တယ်။ အဲ့ဒီ့တောင်ကျရေတွေက အနိမ့်ပိုင်းမှာရှိတဲ့ လူနေရပ်ကွက်တွေ စိုက်ခင်းပျိုးခင်းတွေ အကုန်လုံးရေမြုပ်တာပဲ။ ဒီတော့ သာမှန်မိုးရွာတာတောင်ရေမြုပ်နေတဲ့အနေအထား ဆိုတော့ အခုလိုမိုးများတဲ့နှစ်ဆိုတော့ ရေအန္တာရယ်ကအတော်ကြီးကို သတိထားရလိမ့်မယ်။ အထူးသဖြင့် မိုးအများဆုံးရွာတဲ့ကာလက မိုးလယ်ကာလပေါ့ မိုးလယ်ကာလဆိုရင် ဇူလိုင်၊ သြဂုတ်မှာ မိုးအများဆုံးရွာမဲ့ဒေသကို တွက်ကြည့်လိုက်တဲ့အခါ မကွေးတိုင်းရယ် မန္တလေးတိုင်းတောင်ပိုင်းရယ် ပဲခူးတိုင်းရယ်၊ ဧရာဝတီတိုင်းမြောက်ပိုင်းရယ် ဒီဟာတွေကိုတွေ့ရတဲ့အတွက်အဲ့ဒီ့ဒေသကလူတွေပိုပြီးတော့ ရေကြီးမှုအန္တာရယ်ကို ကြိုတင်ကာကွယ်စောင့်ရှောက်ဖို့လိုတယ်လို့ ဆရာအကြံပြုချင်ပါတယ်။

မေး ။  ။ ရေကြီးမှုအန္တာရယ်နဲ့ ပက်သက်ပြီးတော့ ရခိုင်နဲ့ ဧရာဝတီကနှစ်တိုင်းခံစားနေရတာဆိုတော့ အဲ့ဒီ့ဒေသကလူတွေက ဘယ်လိုမျိုးသတိပြုသင့်လည်းမသိဘူး။

ဖြေ ။    ။ အဲ့တာက ရခိုင်ကတော့ဒီလိုမုန်တိုင်းဖြစ်ရင်ရေကြီးတယ် ဟုတ်လား မုတ်သုံကောင်းလို့မိုးတွေများရင်ရေကြီးတယ် ဒီလောက်ပါပဲ။ ဧရာဝတီ ကျတော့ ဒီ့ထက်ဆိုးတယ် ဧရာဝတီက မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီမြစ်ကြီးက ဟိုးးးမြောက်ဖျားကနေ တောင်ဖျားထိစီးတော့ မြစ်ကြီးက ရှည်လွန်းအားကြီးတော့ ၃ ပိုင်း ပိုင်းထားတာပေါ့။အထက်ပိုင်း အလယ်ပိုင်း အောက်ပိုင်းမှာ ဘယ်နေရာမိုးကောင်းကောင်း ဧရာဝတီကတော့ ရေကြီးတာပဲ။ ဘာကြောင့်လည်းဆိုတော့ ဒီမြစ်ကြီးကနေ သယ်လာတာကိုးး။ အဲ့တော့ ဆရာတို့မိုးလေဝသမှာ ဧရာဝတီမြစ်အောက်ဆုံးပေါ့နော်။ မြစ်ပေါ်မှာတည်ထားတဲ့ ဇလဗေဒ စခန်းက ဟင်္သာတပေါ့။ ဟင်္သာတကိုကြည့်ရင် နှစ်တိုင်း စိုးရိမ်ရေမှတ်ရောက်တယ်။ အဲ့တော့ အမြဲတမ်းလိုလိုနှစ်တိုင်းလိုလို ရေဖုံးတဲ့ဒေသကတော့ ဧရာဝတီ ပဲခူး ရန်ကုန်နဲ့ မွန် ကရင်ကတော့ ဒါ အနိမ့် ပိုင်းတွေကရေဖုံးတာကြီးပဲ ဒါကို ဒေသခံတွေက သိဖို့လိုတယ်ပေါ့။ အဲ့တော့ ရေကို ကာကွယ်တဲ့နည်းကတော့ နှစ်နည်းရှိတာပေါ့။ ကရိယာနဲ့ပက်သက်တဲ့ ကာကွယ်နည်း ကရိယာမပါပဲကာကွယ်တဲ့နည်း။ ကရိယာမပါပဲကာကွယ်တဲ့နည်း ကဘာတွေလည်းဆိုတော့ ဥပမာ သတိပေးချက်တွေ ရမယ်။ လူတွေက အသိပညာရှိရမယ်။ ကြိုတင်ကာကွယ်တဲ့ စီမံကိန်းတွေရှိရမယ်။ ဒါက လူထုအုပ်ချုပ်သူ မီဒီယာ CSO အားလုံးပူးပေါင်းဆောင်ရွက်မှုတွေကောင်းရမယ်ပေါ့။ ကရိယာနဲ့ပက်သက်တဲ့ ကာကွယ်နည်း ကတော့ ဗမာပြည်မှာတော့ သုံးနေတာကတော့ တာတွေပေါ့ တာတွေရဲ့ကြံခိုင်မှုနဲ့ တာတွေရဲ့ လုံခြုံမှုကို စစ်ဆေးရမှာပေါ့။ ဧရာဝတီမြစ်ဆိုရင် တာတွေနဲ့ပဲ ထိန်းထားတာလေ။ ဟင်္သတဆို တာတွေနဲ့ထိန်းနေတာ။ ဒီတာတွေဟာ ကောင်းကောင်း ထိန်းသိမ်းစောင့်ရှောက်တာမရှိဘူး။ အံသြစရာကောင်းတာက ဒီ တာတွေဟာ အင်္ဂလိပ်လက်ထက်က တာတွေ နောက်ထပ် ပြုပြင်ထားတဲ့ ဟာတွေက အတော်နည်းတာ။အခုနောက်ပိုင်းတော့ နည်းနည်းတော့ လုပ်တာပေါ့ ဒါပေမယ့် ဒီလောက်နဲ့မရဘူးပေါ့။ တာကို နှစ်တိုင်းစစ်ဖို့လိုတယ်။ လိုအပ်ရင် မြင့်ပေးဖို့လိုတယ်။ ထိန်းသိမ်းတဲ့အပိုင်းအနေနဲ့ တာတွေပေါ်မှာ သွားလာနေတာတွေကို ကန့်သတ်ရမယ်။ အထူးသဖြင့် တာပေါ်မှာ လှည်းမောင်းတာတွေ ကန့်သတ်ရမယ်။ တာဘောင်အတွင်းပေါ့ မြစ်နဲ့ တာဘောင်အတွင်းမှာ ရှိတဲ့ လူနေရပ်ကွက်တွေ မရှိရဘူး။ ဒါမျိုးတွေက ဘာပဲပြောပြော ဥပဒေကြောင်းနဲ့တော့ လုပ်ရမှာပေါ့နော်။ တာကောင်းကောင်းလိုတာက ဟင်္သာတနဲ့အခြားမြို့တွေ ချင်းတွင်းမှာဆိုရင် မုံရွာပေါ့ တာကောင်းကောင်းလိုတယ်။ တာကောင်းရင်ကောင်းသလောက် ရေအန္တာရယ်ကသက်သာမယ်။ အဲ့ဒီ့တာမကောင်းလို့ပေါက်မယ် ကျိုးမယ်ဆိုရင် တော့ အန္တရာယ်အလွန်ကြီးတယ်။နောက်ပြီးတော့ မြေယာတွေကို သုံးတဲ့အခါမှာ ဖွံဖြိုးတိုးတတ်မှုအတွက် မြေယာတွေကို စည်းစနစ်မဲ့သုံးတာတွေပေါ့။ ချောင်းပိတ်မြောင်းပိတ်လုပ်တာတွေ အရင်တုန်းက သဘာဝတွေက ရေသိုလှောင်တဲ့အနေရာတွေမှာမြေတွေဖို့ပြီးတော့ ဖွံဖြိုးရေးလုပ်ငန်းပေါ့။ လူနေရပ်ကွက်လုပ်တာတော့ စက်ရုံဆောက်တာတော့ လုပ်တယ်လေ စည်းမဲ့ကမ်းမဲ့တွေ လုပ်တာတော့ တစ်နည်းပြောရင်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပေါ့နော်။ ဒါတွေအားလုံးက စကားပြောတယ်။ အဲ့တာတွေ အားလုံးဟာ စနစ်တကျလုပ်ဖို့လိုတယ်။ အဲ့တော့ သဘာဝအပေါက်တွေလည်း ရေဝင်ပေါက်တွေလည်း သူ့ဟာနဲ့သူပေးရမယ် သူ့ဟာနဲ့သူသွားရမယ်။ တချို့ရေမြုပ်တဲ့နေရာတွေက ထိန်းထားရမယ် ဒီလိုကာလမှာ ရေကိုသူ့ဟာသူထိန်းတဲ့ဟာတွေ အခုတော့ လူတွေက သိတဲ့အတိုင်းလေ ဟာ ဒါရပြီဆိုပြီးတော့ ဒီပေါ်မှာ စက်ရုံဆောက်ရင်ဆောက်ပလိုက်တာ တို့ဘာတို့ အဲ့တာတွေက တအားမှားတယ်။ အကောင်းဆုံး ဥပမာကတော့ ထိုင်းနိုင်ငံက သုဝဏ္ဏဘူမိလေဆိပ်ပဲ။ သုဝဏ္ဏ ဘူမိလေဆိပ်ကြီးဆောက်တော့ အရင်က အဲ့ဒီ့နေရာကြီးက ရေတွေကိုထိန်းတဲ့အနေရာကြီး အဲ့ဒီ့နေရာကြီး မြေဖို့ပြီး လေဆိပ်ကြီးဆောက်လိုက်တော့ ဘန်ကောက်မြို့ရေမြုပ်တာပေါ့။ ဥပမာတွေအများကြီးလေ့လာလို့ရပါတယ်။

မေး ။  ။ ဒီနှစ်က မိုးများမယ့်နှစ်ဆိုတော့ ဧရာဝတီတိုင်းက ခါတိုင်းလည်း မြုပ်နေကျဆိုတော့ ရေကြီးမှုက အန္တာရယ်ရှိနိုင်လားဗျ။

ဖြေ။     ။ ရှိနိုင်တာပေါ့။ အန္တရာယ်ရှိတယ်။ ထင်ထားတဲ့အတိုင်းသာ မိုးကောင်းရင်တော့ သေချာပေါက် တစ်စုံတစ်ခုလုပ်ရမှာပေါ့။ လုပ်တယ်ဆိုတဲ့နေရာမှာလည်း ၃ ဆင့်ရှိတယ်။ ကြိုတင်ကာကွယ်တာရယ်၊ ကြိုတင်ပြင်ဆင်တာရယ်။ ဒါတစ်ခု နောက်တစ်ခုကရေကြီးနေတဲ့အခါမှာ လိုအပ်တဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်ရတာပေါ့။ အဲ့တာက ဒုတိယတစ်ခု။   နောက်ရေကြီးပြီးသွားရင် ပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေး ဒါက တတိယတစ်ခု။ သုံးဆင့်မှာ မြန်မာနိုင်ငံရဲ့ အစဉ်အလာကတော့ အားအသာဆုံး လုပ်တဲ့နေရာကတော့   ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေးပဲ နော်။ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်နေရာချထားရေး အဲ့ဒီ့အပိုင်းမှာပဲ တတိယအပိုင်းမှာပဲ အားသာကြတယ်။ ပြောရရင်တော့ အဲ့တာမဖြစ်မချင်းကို ထိုင်စောင့်နေတဲ့ သဘောရှိတယ်။ အဲ့တာကတော့ တအားမှားတဲ့အယူအဆပဲ။ အဲ့တော့ တကယ်အားပေးလုပ်ရမှာက မဖြစ်ခင်လုပ်ရမယ့် အလုပ်ကို အရင်ဦးဆုံးအားပေးရမယ်။ တစ်နည်းပြောရရင်တော့် ကြိုတင်ပြင်ဆင်တာ။ ကြိုတင်ကာကွယ်တာ။ နောက်တစ်ခုအကြံပေးချင်တာကတော့ ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်တော့ အဲ့ဒီ့တုန်းကဆရာက ဌာနမှာပဲရှိသေးတော့ သိလိုက်တယ်ပေါ့။ အဲ့တာဘာလည်းဆိုတော့ မြန်မာနိုင်ငံမှာရှိသမျှ တိုင်းတွေ ပြည်နယ်တွေ ခရိုင်တွေ မြို့နယ်တွေအားလုံးမှာ သဘာဝဘေးအန္တရာယ်   စောင့်ရှောက်ရေးလုပ်ငန်း စီမံချက်ဆိုတာ ရေးဆွဲပြီးသားတွေရှိတယ်။ အဲ့တာတွေကို ထုတ်သုံးပါ။ အဲ့တာတွေကို လက်တွေ့အသုံးချပါ။ အဲ့ဒီ့ထဲမှာ လိုအပ်တာလည်း ပြုပြင်သင့်တာလည်း ပြုပြင်ပေါ့။ အများသောအားဖြင့် အဲ့တာတွေအသုံးချတာနည်းနေတာတွေ့ရတယ် အဲ့တာလေးတွေကို ကြိုတင်ပြင်ဆင် ကြိုတင်ကာကွယ်တဲ့အပိုင်း အဲ့တာလေးတွေကို ဆရာတို့အပိုင်းက ပြောနေပြီဟုတ်လား မိုးနည်းမယ် များမယ်ပြောနေပြီ ပြီးခဲ့တဲ့ မုန်တိုင်း ၃ ခုလုံးလည်းကြိုပြောတာပဲလေ။ ဘယ်နေရာဝင်မယ်လည်းပြောခဲ့တာပဲ။ ဒါပေမယ့် အထိုက်အလျောက်ဆုံးရှုံးမှုကတော့ ရှိနေတာပဲ။ သဘာဝဘေး အန္တာရာယ်ကာကွယ်စောင့်ရှောင့်ရေးလုပ်ငန်းကတော့ ဒီ့ထက်ပိုပြီးတော့ အားကြိုးမာန်တတ်လုပ်ရမယ်။ လုပ်ရင်လည်း အဖွဲ့အစည်း ၅ ခုလုံး တတ်ညီလက်ညီ လုပ်မှရမယ်။ နိုင်ငံတော်အစိုးရ ဒေသအုပ်ချုပ်တဲ့သူ ပြည်သူလူထု သတင်းမီဒီယာ နောက်ပြီး CSO လို့ခေါ်တဲ့ NGO INGO အဲ့ဒီ့ ၅ခုက တတ်ညီလက်ညီလုပ်ဖို့လိုပါတယ်။

မေး ။  ။ ရေကြီးမှုအန္တရာယ်တွေက ဘယ်လတွေမှာ ပိုသတိထာဖို့လိုအပ်မလဲ။

ဖြေ ။    ။ မြန်မာနိုင်ငံမှာတော့ ရေကြီးမှုကာလက ၃ ခုတော့သတ်မှတ်ထားတယ်။ ပထမ ရေကြီးကာလက အခုလ ဇွန်လပေါ့။ ဒုတိယ ရေကြီးကာလက ဇူလိုင် သြဂုတ် တတိယရေကြီးကာလက စက်တင်ဘာ အောင်တိုဘာ ဖြစ်တဲ့အကြောင်းတရားကတော့မတူဘူးပေါ့လေ။ အများသောအားဖြင့် ပထမနဲ့ ဒုတိယ ရေကြီးကာလကတော့ မုတ်သုံမိုးနဲ့ ပက်သက်တာပေါ့။ ပထမရေကြီးကာလကတော့ မုတ်သုံမိုးရော မုန်တိုင်းရောပေါ့။ အဲ့တော့ မုန်တိုင်းများရင် များသလောက ရေကြီးတာဖြစ်တတ်တဲ့အတွက် ၃ ခုရှိပါတယ်။

မေး ။  ။ မိုးတိမ်တောင် အန္တရာယ်ကရော ဘယ်လိုရှိသေးလဲခင်ဗျ။

ဖြေ ။    ။ မိုးတိမ်တောင်က အခုထိတော့ ဖြစ်တုန်းပဲ မုန်သုန်ဝင်ပြီးအသားကျသွားရင်တော့ လျော့သွားမယ်။ နောက်ပိုင်းတစ်ပတ်လောက်ဆိုရင်တော့ လျော့သွားမှာပေါ့။ အခုထိတော့ ဖြစ်နေတုန်းပဲ။ 

မေး ။  ။ ဆရာပြောထားတာ ၃ လတစ်ကြိမ် မိုးလေဝသခန့်မှန်းချက်ထုတ်တယ်ဆိုတော့ အခု ၃ လအတွက် ခန့်မှန်းချက်လေးပြောပေးပါဦး။

ဖြေ ။    ။ မိုးများမယ်ပေါ့။ ၃ လလုံးများမယ် မုန်တိုင်း ကတော့ မိုးရာသီမှာတော့အလွန်အကျွန်ဖြစ်ရင် တစ်လုံးက နှစ်လုံးပဲ ။ အများဆုံးဖြစ်မှာတော့ ၃ လ ကျော်ပြီး ဟိုဘက် မိုးလွန်ကာလမှာတော့ ၄လုံးကနေ ၅ လုံးအထိ ဖြစ်နိုင်တယ်။

မေး ။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြီးပြောလိုတာရှိလားခင်ဗျ။

ဖြေ ။    ။ ဖြည့်စွက်ပြောလိုတာကတော့ အခုမိုးလေဝသ သတင်းတွေက အရင်လိုမဟုတ်တော့ဘူးလေ။ အလွယ်တကူလည်းရနိုင်တယ်။ ဆရာလည်းထုတ်ပေးနေတာပေါ့။ ဒါပေမယ့် ဆရာ့ရဲ့ အဓီကလူထုဆက်သွယ်ရေးမီးဒီယာကကတော့ Facebook ပေါ့။ နောက်ပြီး မီဒီယာတွေပေါ့။ လာမေးရင်ပြာတာ။ ပုံမှန်အားဖြင့်လည်း FM ရေဒီယိုတို့ ဂျာနယ်တို့ သတင်းစာတို့ ရုပ်မြင်သံကြားတို့ နည်းမျိုးစုံနဲ့ပေးနေပါတယ်။ အလွယ်တကူရနိုင်တယ်။ အချိန်မရွေးကြည့် ချင်ရင်တော့ Facebook ကအချိန်မရွေးကြည့်နိုင်တယ်။ အဲ့တော့ သတင်းအချက်အလက်ကရှိနေပါတယ်။ တဘက်က ကာယကံရှင်က ကိုယ့်ဘက်ကနည်းနည်း မြင့်တင်ရမှာပေါ့။ နံပတ် ၁ ကအသိပညာပေါ့ ဒါလေးတွေတိုးအောင် လေ့လာရမယ်။ နံပတ် ၂ ကတော့ တစ်ခုခုဖြစ်ပြီဆိုရင် အလွယ်တကူ သိနိုင်တဲ့နည်းလမ်းတွေရှိနေပြီဆိုတော့ ဒါလေးတွေကို ကောင်းကောင်းအသုံးချပြီး အကျိုးရှိအောင်လုပ်ပါလို့ပဲ အကြံပြုချင်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly