လုံခြံုရေးအဆင့်မြှင့်ထားသည့် ငွေစက္ကူများအား အတုလုပ်ရန် ခက်ခဲဟု ဗဟိုဘဏ်ဆို

လုံခြံုရေးအဆင့်မြှင့်ထားသည့် ငွေစက္ကူများအား အတုလုပ်ရန် ခက်ခဲဟု ဗဟိုဘဏ်ဆို
ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလအတွင်းက တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ (ဓာတ်ပုံ- မြိတ်မြို့နယ်ရဲစခန်း)

နေပြည်တော်(ဇွန် ၁၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ ငွေစက္ကူအတုများသည် ယခင် ပုံစံဟောင်း ငွေစက္ကူများတွင်သာ တွေ့ရှိရပြီး လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် ငွေစက္ကူများ၏ ပုံစံများဖြင့် အတုတွေ့ရှိရမှုမှာ မရှိသလောက် နည်းပါးလျက်ရှိသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဌ ဦးစိုးမင်းက ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၀၉ခုနှစ်၊ အောက်တိုဘာ ၁ရက်က ထုတ်ဝေခဲ့သည့် ငါးထောင်ကျပ်တန် ငွေစက္ကူများအား ၂၀၁၄ခုနှစ်၊ အောက်တိုဘာ ၁ရက်တွင် လည်းကောင်း၊ ၂၀၁၂ခုနှစ်၊ ဇွန် ၁၅ရက်တွင် စတင်ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူများအား ၂၀၁၅ခုနှစ်၊ ဇူလိုင် ၁ရက်တွင်လည်းကောင်း အသီးသီး လုံခြုံရေးအဆင့်အတန်း တိုးမြှင့်၍ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

“ငွေစက္ကူအတုများမှာလည်း ပုံစံဟောင်း ငွေစက္ကူများတွင်သာ တွေ့ရှိရပြီး လုံခြုံရေး အဆင့်အတန်း မြှင့်တင်ထားသည့် ငွေစက္ကူများတွင် အတုတွေ့ရှိရမှုမှာ မရှိသလောက် နည်းပါးသည်ကို တွေ့ရှိရပါတယ်။ ထို့ကြောင့် ဗဟိုဘဏ်အနေနဲ့ လုံခြုံရေးအဆင့်မြှင့်တင်ထားပြီး တုပရန် ခက်ခဲတဲ့ ငွေစက္ကူများကိုသာ ထုတ်ဝေလျက် ရှိပါတယ်” ဟု ဦးစိုးမင်းက ပြောသည်။

ဇွန်လ ၁၃ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဇဗ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော် မေးမြန်းသည့် ငွေစက္ကူအတုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ဗဟိုဘဏ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အနေဖြင့် မည်ကဲ့သို့ ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းမှုများ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းမှုအပေါ် ဗဟိုဘဏ် ဒုတိယ ဥက္ကဌက လွှတ်တော်တွင် လာရောက် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ မှတ်တမ်းများအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ငါးထောင်ကျပ်တန် ၁၃၄၃ရွက်၊ တစ်သောင်းကျပ်တန် ၉၅၇ရွက်ကိုသာ ငွေစက္ကူအတုအဖြစ် စစ်ဆေးအတည်ပြုထားသည်။ ထိုပမာဏမှာ လှည့်လည်သုံးစွဲလျက်ရှိသော ငွေစက္ကူရွက်ရေ စုစုပေါင်း ၁၃၅၃သန်းနှင့် နှိုင်းယှဉ်ပါက ဝဒဿမ ၀၀၀၅၄ ရာခိုင်နှုန်းသာရှိသည်ဟု ဦးစိုးမင်းက လွှတ်တော်တွင် ပြောသည်။

ငွေစက္ကူအတုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးဌာနမှ ထုတ်ပြန်ထားသည့် ငွေကြေးဆိုင်ရာစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများ အပိုဒ် (၄၁)တွင် “ဘဏ်ခွဲ/ဘဏ်ရုံးခွဲ/ဘဏ်ငွေတိုက်ခွဲများတွင် ပေးသွင်းသော ငွေစက္ကူ သို့မဟုတ် ငွေအကြွေများမှ အတုများကို စစ်ဆေးတွေ့ရှိပါက ပေးသွင်းသူကို ငွေစက္ကူအတု သို့မဟုတ် ငွေအကြွေအတုနှင့်တကွ သက်ဆိုင်ရာရဲဌာနသို့ လိုအပ်သလို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ပို့အပ်ရမည်” ဟု ပြဌာန်းထားသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလ ၂၄ရက်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ငွေစက္ကူအတုများကို နယ်စပ်မှ ၇ကြိမ်၊ ပြည်တွင်းတုပမှု ၆ကြိမ် ဖမ်းဆီးရရှိခဲ့ပြီး ၎င်းငွေစက္ကူအတုများကို Colour Printer၊ Colour Copier၊ Block နည်းတို့ဖြင့် တုပပြုလုပ်ထားကြောင်း သိရသည်ဟု ဦးစိုးမင်းက ဆိုသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly