မုံရွာညစျေးတန်းအား တစ်ပတ်အတွင်း ရွှေ့ခိုင်း

မုံရွာညစျေးတန်းအား တစ်ပတ်အတွင်း ရွှေ့ခိုင်း
မုံရွာမြို့ ညဈေးတန်းတွင်ရောင်းချရန် ဈေးဆိုင်းခင်းနေကြစဉ်။ (ဓာတ်ပုံ - မာန်ဇာမြေမွန်)

မုံရွာ၊ ဇွန် ၁၃ ။            ။ မုံရွာမြို့ ညဈေးတန်းအား မူလရောင်းချလျက်ရှိသောနေရာမှ နေရာသစ်သို့ တစ်ပတ်အတွင်းပြောင်းရွှေ့ခိုင်းထားကြောင်း မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

မူလရောင်းချနေသော နေရာတွင် ဇွန်လ ၁၉ ရက် နောက်ဆုံးရောင်းချခွင့်ပြုထားပြီး ဇွန် ၂၀ ရက်တွင် နေရာသစ်သို့ စတင်ပြောင်းရွှေ့ ရောင်းချရမည်ဖြစ်သည်။

"မြို့ရဲ့လိုအပ်ချက်အရ ညဈေးတန်းကို ပြောင်းရွှေ့ရခြင်းဖြစ်ပါတယ်။ ၆ ပေ ၄ ပေ နေရာရပါ့မယ်။ ဇွန် ၂၀ မှာ နေရာသစ်မှာ စတင်ရောင်းချရပါ့မယ်။ ဈေးရောင်းချသူတွေ နေရာမဲနှိုက်နေကြပါပြီ" ဟု စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောသည်။

ဇွန် ၁၃ ရက် မွန်းလွှဲပိုင်းက မုံရွာမြို့နယ် စည်ပင်သာယာရေးရုံးတွင် ဈေးရောင်းချသူများနှင့် စည်ပင်ကော်မတီတို့ တွေ့ဆုံခဲ့ကြပြီး နေရာပြောင်းရွှေ့ရန်အတွက် အချိန်ထပ်ပေးသင့်ကြောင်း   ဈေးရောင်းချသူများက တင်ပြခဲ့ကြသည်။

သို့သော်လည်း အလွယ်တကူရွှေ့ပြောင်းနိုင်သော ရောင်းချမှုဖြစ်သဖြင့် ထပ်မံအချိန်ပေးရန် မဖြစ်ကြောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ ညွှန်မှူးဦးသစ်ထူးမြင့်က ပြောကြားသည်။

မုံရွာမြို့ ညဈေးတန်းတွင် လက်ရှိဈေးရောင်းချနေသူ ၁၂၇ ဦးရှိပြီး ၎င်းတို့အား မဲနှိုက်ကာနေရာချထားပေးခြင်း ဖြစ်သည်။

မုံရွာညဈေးတန်း၏ လက်ရှိနေရာသည် ဗိုလ်ချုပ်ကြေးရုပ်မှ နာရီစင်အတွင်း လမ်းတစ်လျှောက်တွင် သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ပြောင်းရွှေ့ရမည့်နေရာသည် မြစန္ဒာရုပ်ရှင်ရုံမှ ဆက်သွယ်ရေးရုံး လမ်းတစ်လျှောက်တွင် ပြောင်းရွှေ့ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly