ချင်းတွင်းမြစ်အတွင်း ကျောင်းသားစက်လှေတစ်စီး တိမ်းမှောက်ခဲ့

ချင်းတွင်းမြစ်အတွင်း ကျောင်းသားစက်လှေတစ်စီး တိမ်းမှောက်ခဲ့

မုံရွာ၊ ဇွန် ၁၃။             ။ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ဇွန် ၁၂ ရက် ညနေက ကျောင်းသား စက်လှေတစ်စီး တိမ်းမှောက်ခဲ့ကြောင်း မင်းကင်းမြို့နယ်ဒေသခံများက ပြောသည်။

မင်းကင်းမြို့နယ် ရွာဘကျေးရွာမှ ကြွေကျေးရွာသို့ ကျောင်းအကြိုအပို့လုပ်သော စက်လှေနှစ်စီး အပြိုင်မောင်းနှင်ရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

"အစုန်အမြန်ရေယာဉ် နှစ်စီး ပြိုင်မောင်းရာမှ လှိုင်းလုံးကြီးပြီး တိမ်းမှောက်တာ ဖြစ်ပါတယ်၊ အသက်သေဆုံးမှုမရှိခဲ့ပေမဲ့ ကျောင်းမှာစာသင်နေရတဲ့စာအုပ်တွေ ရေစိုပြီး ပျက်စီးကုန်ပါတယ်" ဟု ရွာဘကျေးရွာဒေသခံ ကိုအောင်ကိုဦးက ပြောသည်။

အဆိုပါ စက်လှေပေါ်တွင် ကျောင်းသား/ကျောင်းသူ ၁၀ ခန့်ပါဝင်ပြီး တိမ်းမှောက်ချိန်တွင် ရွာသားများက  အချိန်မှီသိလိုက်သဖြင့် ကယ်တင်နိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

မင်းကင်းမြို့နယ် ရွာဘကျေးရွာမှ ကြွေကျေးရွာသို့ နေ့စဉ်ကျောင်းတက်နေရသော ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၈၀ ဦးခန့်ရှိပြီး ရေတက်ချိန်ဖြစ်သဖြင့် စိုးရိမ်နေရကြောင်း သိရသည်။

ရွာဘကျေးရွာတွင် မူလတန်းကျောင်းသာရှိသဖြင့် မူလတန်းလွန်ကျောင်းအဖြစ် တိုးမြှင့်ပေးရန် လိုလားလျှက်ရှိပြီး လက်တလောတွင်လည်း ကျောင်းသားများအတွက် အသက်ကယ်ဝတ်စုံများကို ဦးစွာစီစဉ်ပေးရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly