အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သော ဆန္ဒပြမှုအတွင်း ရုရှားအတိုက်အခံခေါင်းဆောင်နှင့် ဆန္ဒပြသူ ၂၀၀၀ခန့် အဖမ်းခံရ

အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်သော ဆန္ဒပြမှုအတွင်း ရုရှားအတိုက်အခံခေါင်းဆောင်နှင့် ဆန္ဒပြသူ ၂၀၀၀ခန့် အဖမ်းခံရ

မော်စကို ဇွန် ၁၃ ။                       ။ ရုရှားနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော အကျင့်ပျက်ခြစားမှုအား ဆန့်ကျင်သည့် လူထုစည်းဝေးပွဲအတွင်း ရုရှား အတိုက်အခံခေါင်းဆောင်နှင့် မော်စကိုမြို့နှင့် စိန့်ပီတာစ်ဘတ်မြို့တို့မှ ဆန္ဒပြသူ ၂၀၀၀ခန့်သည် တနင်္လာနေ့က အဖမ်းခံခဲ့ရသည်။

အာဏာပိုင်များက ဖမ်းဆီးမှုနှင့်ပက်သက်၍ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း OVD သတင်းအချက်အလက် ဝက်ဘ်ဆိုက်၏ အဆိုအရ မော်စကိုမှ လူပေါင်း ၇၅၀နှင့် စိန့်ပီတာစ်ဘတ်မှ ၉၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

လာမည့် ၂၀၁၈ခုနှစ် ရုရှားသမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်နေသော အတိုက်အခံ ခေါင်းဆောင် အလက်ဇီနာဗယ်နီသည် အုပ်ချုပ်သူအထက်တန်းလွှာများကြားရှိ အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်ရှုံ့ချပြီး မြို့ပေါင်း ၂၀၀ကျော်၌ ဆန္ဒပြသကြရန် လှုံ့ဆော်ခဲ့သည်။

တနင်္လာနေ့အနှောင်းပိုင်းတွင် မော်စကိုတရားရုံးသည် နာဗယ်နီကို ဥပေဒချိုးဖောက်ပြီး လူထုစည်းဝေးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့မှုအတွက် ရက်၃၀ခန့် ထောင်ဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

နာဗယ်နီ၏ဇနီး ဂျူလီယာက သူမ၏ခင်ပွန်းဖြစ်သူသည် မော်စကိုရှိအကြီးမားဆုံး လူထုစည်းဝေးပွဲကြီးကို သွားရောက်ပူးပေါင်းရန် အိမ်မှထွက်ခွာစဉ်တွင် အဖမ်းခံခဲ့ရကြောင်း တွစ်တာ၌ ရေးသားခဲ့သည်။

“ကျွန်မ ဂျူလီယာနာဗယ်နီပါ။ အလက်ဇီဟာ အိမ်အဝင်ဝမှာပဲ အဖမ်းခံခဲ့ရပါတယ်။ သူကကျွန်မကို အစီအစဉ်တွေ မပြောင်းလဲပဲ နဂိုအတိုင်းဆက်လက်လုပ်ကိုင်ရန် မှာကြားခဲ့ပါတယ်” ဟု သူမက တွစ်တာ၌ ရေးသားခဲ့ပြီး ရုရှား နိုင်ငံတော်အားလပ်ရက်တွင် ကျင်းပမည့် လူထုစည်းဝေးပွဲ၏ တည်နေရာသည် Tverskaya ၌ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

လူငယ်များနှင့် ဆယ်ကျော်သက်အများစုပါဝင်သော ထောင်နှင့်ချီသည့် လူအုပ်ကြီးသည် နာဗယ်နီက သတ်မှတ် ထားသော နေရာ၌ စတင်ဆန္ဒပြခဲ့ကြပြီး ရုရှားသမ္မတဗလာဒီမာပူတင်ကို ဆန့်ကျင်သော ကြွေးကြော်သံများကို သံပြိုင်ဟစ်ကြွေးခဲ့ကြသည်။

ရာနှင့်ချီသော အထိကရုဏ်းနှိမ်နှင်းရေးရဲများက ခွင့်ပြုချက်မရဘဲ ပြုလုပ်သော အဆိုပါဆန္ဒပြပွဲကို ဖြိုခွင်းခဲ့ပြီး အင်အားသုံး၍ ဖမ်းဆီးကာ ဆန္ဒပြသူများကို အသင့်စောင့်ဆိုင်းနေသော ဗင်ကားများထဲသို့ ဆွဲခေါ်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags