တပ်မတော်နှင့် KIA စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး စစ်ရှောင် လူ ၈၀၀ ခန့် တနုုိင်းမြို့ပေါ်သုုိ့ ရောက်ရှိလာ

တပ်မတော်နှင့် KIA စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး စစ်ရှောင် လူ ၈၀၀ ခန့် တနုုိင်းမြို့ပေါ်သုုိ့ ရောက်ရှိလာ
ဇွန် ၆ရက်ကမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam facebook

ချင်းမိုင် ဇွန် ၁၂ ။            ။ ကချင်းပြည်နယ် တနိုင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လတ်ရေးတပ် (KIA)တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကာ စစ်ရှောင်ဒုက္ခသည် ၈၀၀ ခန့် တနိုင်းမြို့ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တနိုင်းမြို့မှ စစ်ရှောင်များကို ကူညီပေးနေသူ ဓမ္မဆရာ ဦးနော်တောင်က ပြောသည်။

လက်ရှိ တနိုင်းမြို့ပေါ် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် ၄၅၀ ဦး၊ ကက်သလစ်ဘုရားကျောင်းတွင် ၁၃၉ ဦး၊ အေဂျီဘုရားကျောင်းတွင် ၁၃၉ ဦးနှင့် အယ်လီကန်ဘုရားကျောင်းတွင် ၁၈ ဦး စုစုပေါင်း ၇၅၅ ဦး တို့ လာရောက် ခိုလုံနေသည်ဟု ဆရာ ဦးနော်တောင်က ပြောသည်။

တိုက်ပွဲ ရက်ရှည်လာပါက အဆိုပါ ထွက်ပြေးလာသော စစ်ရှောင် ဒုက္ခသည်ကလေးများအတွက် စားဝတ်နေရေးနှင့် ပညာရေးအတွက် အရေးတကြီး စီစဉ်ပေးရန် လိုအပ်နေသည်ဟု သူက ပြောသည်။

“ဒီမှာက ၈၀၀ လောက်ရောက်နေပြီ။ သူတို့ကို ကိုယ့်ဘာသာရေးအသင်းကနေ ကျွေးနေကြတာ။ ကျနော်တို့က တိုက်ပွဲရက်ရှည်လာရင်တော့ ဒီဒုက္ခသည်တွေကို ဘယ်လို လုံလုံခြုံခြုံနဲ့ စားသောက်ဖို့၊ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး ကစပေါ့နော် ကျနော်တို့ ဒီမှာကြည့်နေတဲ့ ဆရာတွေက စိုးရိမ်နေကြတယ်။ ဒီမှာရောက်နေတဲ့ ကလေးတွေက ၇၊ ၈ တန်းထိ ရှိတယ်” ဟု ၎င်းကပြောသည်။

သူက ဆက်လက်ပြီး “တိုက်ပွဲတော့ ဒီနေ့လည်း ဆက်ဖြစ်နေတုန်းပဲ။ လက်နက်ကြီး ပစ်သံတွေကြားနေရတယ်။ ဒီတနိုင်းကနေ လမ်းကနေတောင် ကြားနေရတယ်။”ဟု ပြောသည်။

ယမန်နေ့ က တနိုင်းမြို့ တိုက်ဖကျေးရွာတွင် ရောက်ရှိနေသော စစ်ရှောင်ဒုက္ခသည်များအား တနိုင်းမြို့မှ ဘာသာရေးအဖွဲ့အစည်းများက ကားဖြင့် သွားရောက်ခေါ်ယူနိုင်ခဲ့သော်လည်း တချို့ င်္အဂါဂါး၊ ခန်းပရား၊ နမ့်ခမ်းစသည့် ကျေးရွာများမှ ဒေသခံ လူထု ၂၀၀၊ ၃၀၀ ခန့် ရှိနေဆဲ ဖြစ်သလို၊ တချို့ မှော်များမှ ပြောင်းရွှေ့လုပ်သားများလည်း ရှိနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

“မနေ့က တိုက်ဖမှာရောက်ပြီး အကုန်လုံးကိုတော့ ခေါ်ယူနိုင်ခဲ့ပြီ။ ထောင်ဂဏန်းရှိတယ်။ မနေ့က ၄ နာရီထိ စောင့်တာမရှိတော့ဘူး။ ဒါပေမဲ့ မှော်ဘက်က လူတွေ ရှိသေးတယ်။ ရွှေမှော်တချို့က အစိုးရဘက်က တရားမဝင်ဘူးဆိုပေမယ့် ခုထိ မပြန်ကြသေးဘူး။ သူတို့က သူတို့နေတဲ့နေရာနဲ့ တိုက်ပွဲ နီးလာရင်တော့ တိမ်းရှောင်ကြမယ်ထင်တယ်။ တချို့က အရမ်းခက်ခဲတယ်။ ဒီဘက် ပြန်မယ်ဆိုရင်လည်း လုပ်ကိုင်စားသောက်ဖို့ခက်၊ ငွေတွေလည်း ကုန်လာတော့ ပြန်လည်းမရဖြစ်နေကြတာ”ဟု သူက ဆက်လက် ပြောဆိုသည်။

ထိုသို့ ခေါ်ယူခဲ့ပြီးနောက်ရက်များတွင် အစိုးရဘက်က ခွင့်မပြုခဲ့ပေ။ သို့သော် နောက်ပိုင်းတွင် အစိုးရဘက်မှ လမ်းတွင် ပိတ်မိနေသော စစ်ရှောင်များအား ကုန်းလမ်းဖြင့် သွားရောက်ခေါ်ယူရန် ဇွန်လ ၁၂ ရက်နေ့ တစ်ရက်သာ ခွင့်ပြုခဲ့သည်ဟု ဦးနော်တောင်က ပြောသည်။

လက်ရှိ KIA တပ်ရင်း ၂ လက်အောက်ခံ တပ်ရင်း ၁၄ နေရာမှ ၁၀ မိုင်ခန့်အကွာအဝေးရှိ အင်္ဂါဂါးကျေးရွာအနီးတွင် တပ်မတော်မှ ထိုးစစ်ဆင်မှုများ ရှိနေဆဲ ဖြစ်၍ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု KIO မှ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဇွန်လ ၃ ရက်နေ့မှ စတင်၍ တပ်မတော်နှင့် KIA တိုက်ပွဲပြင်းထန်လာပြီး ကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်လာသဖြင့် စစ်ရှောင် ရာနှင့်ချီက ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထိုစစ်ရှောင်များ လမ်းတွင် ပိတ်မိနေသဖြင့် ဇွန်လ ၆ ရက်နေ့က တနိုင်းမြို့ရှိ ဘာသာပေါင်းစုံမှတာဝန်ရှိသူများက စက်လှေဖြင့် သွားရောက် ခေါ်ယူခဲ့သည်။

မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရန်အတွက် ဇွန်လ ၁၅ ရက် နောက်ဆုံးထား၍ တနိုင်းမြို့နယ်ရှိ ရွှေ၊ ပယင်းမှော်များတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများအား ထွက်ခွာရန် အသိပေးစာ ထုတ်ပြန်ခဲ့သလို၊ KIA ဘက်မှလည်း တနိုင်းလမ်းနှင့် ဖားကန့်လမ်းများပေါ်တွင် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာဖြတ်သန်းခြင်း မပြုရန် အသိပေးစာထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags