ကတ်တလန်လွတ်လပ်ရေးအတွက် မဲခွဲဆုံးဖြတ်ရန် ဘာစီလိုနာမြို့၌ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

ကတ်တလန်လွတ်လပ်ရေးအတွက် မဲခွဲဆုံးဖြတ်ရန် ဘာစီလိုနာမြို့၌ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

 ဇွန် ၁၂ ။                   ။ ဘာစီလိုနာအသင်း၏ မန်နေဂျာဟောင်းဖြစ်သူ ပတ်ဂွာဒီယိုလာအပါအဝင် ထောင်နှင့်ချီသော ဆန္ဒပြသူများ သည် ကတ်တလန်ဒေသ လွတ်လပ်ရေးအတွက် လာမည့် အောက်တိုဘာ ၁ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရန် တနင်္ဂနေ့က ဘာစီလိုနာမြို့၌ လူထုစည်းဝေးပွဲပြုလုပ်၍ တောင်းဆိုခဲ့ကြသည်။

စပိန်၏ဖွဲ့စည်းပုံတရားရုံးက ထိုကဲ့သို့ခွဲထွက်ခြင်းသည် တရားမဝင်ကြောင်း အမိန့်ချမှတ်ထားခဲ့သော်လည်း ကတ်တလန်ဒေသတွင်း အစိုးရအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ကားလတ်စ်ပွီဒီမွန့်က မဲပေးရန်အတွက် ရက်တိတိကျကျ သတ်မှတ်ပေးရန် ပြီးခဲ့သော သောကြာနေ့က မက်ဒရစ်အစိုးရကို အာခံ၍ တောင်းဆိုခဲ့သည်။

“စပိန်နိုင်ငံက ဆန္ဒမရှိဘူးဆိုရင်တောင်မှ ကျနော်တို့ မဲခွဲဆုံးဖြတ်မှာပါ” ဟု ကတ်တလန်ရှိ လူအုပ်ကြီးကို ဂွာဒီယိုလာက အင်္ဂလိပ်နှင့် စပိန်ဘာသာဖြင့် ပြောကြားခဲ့သည်။

“တခြားနည်းလမ်းမရှိတော့ပါဘူး။ တစ်ခုတည်းသော တုံ့ပြန်စရာနည်းကတော့ မဲခွဲဆုံးဖြတ်ခြင်းပဲ ဖြစ်ပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။ ဒါ့အပြင် အာဏာရှင်ဆန်သော နိုင်ငံ၏ အနိုင်ကျင့်မှုကို ဆန့်ကျင်ပြီး သူတို့ကို ထောက်ခံကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ဂွာဒီယိုလာက တောင်းဆိုခဲ့သည်။

အဆိုပါ လူထုစည်းဝေးပွဲသို့ လူပေါင်း ၃သောင်းခန့် တက်ရောက်ခဲ့ကြောင်း မြို့တော်အာဏာပိုင်များက ခန့်မှန်း ပြောဆိုခဲ့ပြီး ခွဲထွက်ရေးသမားများ၏ အဆိုအရ ၄၇၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“လွတ်လပ်ရေးဟာ တစ်ခုတည်းသော ဖြေရှင်းနည်းလို့ ကျနော်ထင်ပါတယ်” ဟု လူထုစည်းဝေးပွဲသို့ တက်ရောက်ခဲ့သူ အသက် ၆၇နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး တစ်ဦးက ပြောခဲ့သည်။

“ပထမအဆင့်အနေနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ချင်ပါတယ်။ အများစုက ကျနော်တို့နဲ့ သဘောထားချင်း တူညီကြမယ်ဆိုရင် ကျနော်တို့ လွတ်လပ်ရေးရမှာပါ” ဟု သူ၏ပခုံးပေါ်မှ ကတ်တလန်အလံကို စိုက်ကြည့်ရင်း သူက ဆက်ပြောခဲ့သည်။

နောက်ဆုံးပြုလုပ်ခဲ့သော ဒေသတွင်းအစိုးရ၏ မဲခွဲမှုအရ ၇၃ ရာခိုင်နှုန်းသော ကတ်တလန်သားများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကြရန် အလိုရှိကြသည်။

လူဦးရေ ၇.၅သန်းကျော်ရှိသော ချမ်းသာကြွယ်ဝသည့် ကတ်တလန်ဒေသမှ ဒေသခံများသည် သူတို့၏ ဘာသာစကားနှင့် ထုံးတမ်းအစဉ်အလာများကို ဂုဏ်ယူကြသူများဖြစ်ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရန် မက်ဒရစ်အစိုးရကို တောင်းဆိုလာခဲ့ကြသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags