အိပ်မက်ထဲကအိမ်

အိပ်မက်ထဲကအိမ်

ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ မမီမီကိုဦးဟာ ပုံမှန်ဝင်ငွေရှိ သူတစ်ဦးဖြစ်ပြီး ရန်ကုန်မှာ အိမ်ခန်းတစ်ခန်းပိုင်ဆိုင်ဖို့ နေ့စဉ်အိပ်မက်မက်နေသူပါ။ သူမဟာလွန်ခဲ့တဲ့ ၆ လလောက်ကမှ အိမ်ထောင်ပြုထားတာဖြစ်ပြီး ကြင်စဦးဇနီးမောင်နှံ နှစ်ယောက်အဖို့ နေရာစရာတစ်ခု ပိုင်ဆိုင်ဖို့က သိပ်ကို အရေးကြီးလာနေပါတယ်။

"အိမ်ငှားနေရတဲ့သူတွေလည်း အကုန်လုံး ကိုယ့်အိမ်ကိုယ် မပြောင်းရ၊ မရွှေ့ရဘဲနဲ့ အိမ်ပိုင်လိုချင်မှာပဲလေ။ သူများတွေလည်းဒီလိုပဲနေမှာပဲလေ။" လို့ ကုမ္ပဏီဝန်ထမ်း မီမီကိုဦးက ပြောပါတယ်။

ဒါကြောင့် သူမအနေနဲ့ အိမ်ခန်းတစ်ခန်းကို အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ဖို့ ပြည်တွင်းက ပုဂ္ဂလိကဘဏ်တစ်ခုနဲ့ ပြီးခဲ့တဲ့လက ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် ဘဏ်ကပေးနိုင်မယ့် ဝန်ဆောင်မှုက သူမရဲ့ အိမ်ခန်းတစ်ခန်းပိုင်ဆိုင်နိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကို မှေးမှိန်သွားစေခဲ့ပါတယ်။

မီမီကိုဦးက "ရိုးမက အခု အရစ်ကျစနစ်နဲ့ အိမ်ဝယ်လို့ရတယ်ဆိုလို့ သွားစုံစမ်းတော့ သူကသိန်း ၅၀၀ နဲ့ အထက် အိမ်ဖြစ်ရမယ်။ ၅၀% ပေးရမယ်။ အဓိကက အဲဒီ၅၀% သိန်း၅၀၀ ရဲ့ ၅၀% ဆိုလို့ရှင်ရင် ၂၅၀ တောင် ၂၅၀ ဆိုလို့ရှိရင် ညီမတို့လို ဝန်ထမ်းတွေအနေနဲ့က လုံးဝ အဆင်မပြေဘူး။ ၂၅၀ ရှိမှတော့ အပြင်မှာ ၂၀၀ တန်တို့ ၁၀၀ ကျော်တန်တိုက်ခန်းတွေ တစ်ချို့ ၁၈၀ တို့ ၂၀၀  ကျော်တန်တွေ ဝယ်လိုက်တော့မှာပေါ့။ အဲဒါမဝယ်နိုင်လို့ သူတို့ဆီမှာ အရစ်ကျလာပြီး ဝယ်ပါတယ်ဆိုကာမှ ၂၅၀ အရင်ဦးဆုံးပေးရမယ်ဆိုတော့ ဒါလုံးဝမဖြစ်နိုင်ဘူး။" လို့ သူ့အတွေ့အကြုံကို အခြေခံပြီးပြောပါတယ်။

ဒီဈေးကွက်က မြန်မာနိုင်ငံမှာ အစပဲရှိပါသေးတယ်။ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေအနေနဲ့ ခိုင်မာမှုကိုစောင့်ကြည်နေသေးတဲ့အချိန်လို့လည်းပြောလို့ရပါတယ်။

ရိုးမဘဏ်ရဲ့ အိမ်ရာချေးငွေမန်နေဂျာ မရတနာဖြိုးအောင်က "လက်ရှိမှာတော့ ဘဏ်အနေနဲတော့ စစခြင်းအနေနဲတော့ ဒီကပဲစပြီး ခြေလှမ်းနိုင်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာလည်း အမတို့ Banking Marketing အပိုင်းအနေနဲ့ အိမ်ဝယ်ယူနိုင်ဖို့ ချေးငွေကို ရိုးမဘဏ်ကစပြီး လုပ်တာနောက်ပိုင်းမှာတော့ အမတို့က ဝယ်လိုအားအပေါ် လိုက်ပြီးတော့ ဖြေလျှော့ပေးဖို့ အစီအစဉ်ရှိတယ်။" လို့ ရှင်းပြပါတယ်။

iMyanmarHouse.com ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူကတော့ "မြေယာနဲ့ ပတ်သတ်တဲ့ ဥပဒေ-ဒါမျိုးတွေကို တိတိကျကျ ပြဌာန်းသင့်ပါတယ်။ တိတိကျကျပြဌာန်းမှ သာလျှင် ဘဏ်တွေကလည်း ချေးငွေထုတ်ချေးရဲမှာ ဖြစ်ပါတယ်ခင်ဗျ။ အခုဟာက တိုက်ခန်းတွေကိုဘဏ်တွေကနေချေးငွေ ချေးမပေးသေဘူးဆိုတာ အဓိကအချက်က ဘာလဲဆိုတော့ တိုက်ခန်းနဲ့ ပတ်သက်ပြီးတော့ ဥပဒေ ကျွန်တော်တို့ တိတိကျကျ မ၇ှိသေးဘူးပေါ့နော်။ တိတိကျကျမရှိသေးတာ ဖြစ်တဲ့အတွက်ကြောင့် ဘဏ်တွေကလည်း ကျွန်တော်တို့ ချေးငွေ အနေအထားမှာ   ချေးမပေးရဲတာကိုတွေ့ရတယ်" လို့ သုံးသပ်ပြောကြားပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အိမ်ရာချေးငွေပေးတဲ့ အစီအစဉ်နဲ့ အရစ်ကျစနစ်တွေက ပြည်တွင်း အိမ်ခြံမြေဈေးကွက်ထဲမှာ အကျွမ်းတဝင် မရှိသေးပါဘူး။ နိုင်ငံ့ရဲ့ စီးပွားရေးအခြေအနေ၊ တိကျတဲ့ မြေယာပိုင်ဆိုင်မှု ဥပဒေတွေနဲ့ ဘဏ်ဝန်ဆောင်မှု တိုးမြှင့်ဖို့ လိုအပ်ချက်တွေက အခြေခံပြည်သူတွေရဲ့ လိုအပ်ချက်ကွက်လပ်တွေကို ဖြည့်ဖို့ နှေးကွေးနေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly