မက္ကဆီကိုတွင် လူထောင်သောင်းချီ ပျောက်ဆုံးမှုများအတွက် လက်သည်တရာခံများကို အပြစ်ပေးနိုင်ဖို့ရန် အရေးကြီးကြောင်း ဂျာမနီဝန်ကြီးချုပ်ပြော

မက္ကဆီကိုတွင် လူထောင်သောင်းချီ ပျောက်ဆုံးမှုများအတွက် လက်သည်တရာခံများကို အပြစ်ပေးနိုင်ဖို့ရန် အရေးကြီးကြောင်း ဂျာမနီဝန်ကြီးချုပ်ပြော

မက္ကဆီကိုစီးတီး၊ ဇွန် ၁၀ ။            ။ မက္ကဆီကိုနိုင်ငံအတွင်း လူထောင်သောင်းချီကာ ပျောက်ဆုံးနေခြင်း၏ လက်သည်တာဝန်ရှိသူများကို အပြစ်ပေးနိုင်ရေးနှင့် မီဒီယာလွတ်လပ်ခွင့်ရှိရေး၊ ဂျာနယ်လစ်များကို အကာအကွယ် ပေးရေးတို့က အလွန်အရေးတကြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ပြောလိုက်သည်။
 
မက္ကဆီကိုနိုင်ငံ နေရှင်နယ်ပဲလေ့စ်တွင် သမ္မတ ပီညာနက်တိုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပရာ၌ ယင်းကိစ္စရပ်နှစ်ရပ်စလုံးတွင် အကူအညီပေးသွားမည်ဖြစ်ကြောင်း မာကဲလ်က ကတိပြုသည်။

မက္ကဆီကို နိုင်ငံအတွင်း လူထောင်သောင်းချီ ပျောက်ဆုံးမှုအကြောင်း ပြောဆိုရာတွင် လက်သည်တရားခံများကို ရှာဖွေအပြစ်ပေးရန် လိုအပ်ကြောင်း ၎င်းက အလေးထားပြောဆ်ုသည်။

ဂျာနယ်လစ်အဖြစ် အသက်မွေးသူများအတွက် ဘေးအန္တရာယ်အများဆုံးဖြစ်နေသော မက္ကဆီကိုနိုင်ငံတွင် ယခုနှစ်အတွင်း ဂျာနယ်လစ် ခုနစ်ဦး အသတ်ခံရပြီး တစ်ဦးပျောက်ဆုံးခဲ့သည်။

နိုင်ငံအတွင်း ပျောက်ဆုံးနေသူ အရေအတွက်သည် လက်ရှိအထိ သုံးသောင်းကျော်ထက်မနည်း ရှိသွားပြီဖြစ်ကြောင်း အမျိုးသား ပျောက်ဆုံးလူစာရင်းအချက်အလက်မှတ်ပုံတင်ဌာနအရ သိရသည်။

ဒီမိုကရေစီနှင့် ပူးပေါင်းဆောင်ရွက်မှုများအပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများတွင် မက္ကဆီကိုနိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာသွားစေမည် မျှော်လင့်ကြောင်း  အလည်အပတ် ရောက်ရှိသည့် ယခု ခရီးစဉ်အတွင်း မာကဲလ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly