ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC တို့ ဇူလိုင်လဆန်းပိုင်းတွင် တရားဝင် တွေ့ဆုံရန် သဘောတူ

ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC တို့ ဇူလိုင်လဆန်းပိုင်းတွင် တရားဝင် တွေ့ဆုံရန် သဘောတူ

ဇွန်လ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                ။ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျုးိများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် အတွက် လာမည့် ဇူလိုင်လာဆန်းပိုင်းတွင် ရန်ကုန်မြို့တွင် တရားဝင် တွေ့ဆုံရန် သဘောတူမှု ရရှိခဲ့သည်။

ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် တရားဝင် မတွေ့ဆုံမီ အလွတ်သဘော လူချင်း တွေ့ဆုံ၍သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း ညှိနှိုင်း ဆွေးနွေးသွားရန် သဘောတူ ညီခဲ့ကာ NCA လက်မှတ်ရေးထိုးနိုင်ရန် နီးစပ်လာပြီဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက သတင်းထောက်များကို ပြောသည်။

“အချက် ၈ ချက်ရဲ့ အောက်မှာ နံပတ် ၉ ပါပါတယ်။ ဒီ ၈ ချက်က အားလုံးသဘောတူညီ လက်ခံနိုင်တဲ့ အခြေအနေရောက်ရင် နံပါတ် ၉ က ဖြစ်လာမယ်ဆိုတာ ဒီ ၉ ချက်မှာတခါထဲ ပါပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆဌမအကြိမ် မတွေ့ ခင်မှာလည်း ကျွန်တော်တို့ ဒီနေ့ သဘောတူညီခဲ့တာ ရှိပါတယ်။ ဒီကြားထဲမှာ ဒီပီအန်ကို ကျနော်တို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီကြားထဲမှာ လိုအပ်ရင် ကျွန်တော်တို့ကို အလွတ် သဘောလာ တွေ့ပေးဖို့ တောင်းဆိုရင် ကျွန်တော်တို့ လာတွေ့ပေးနိုင်ဖို့ ကျွန်တော်တို့ ကလည်း ပြောခဲ့ပါတယ်။ အဲဒါကြောင့် ဆဌမအကြိမ်မှာ နောက်ဆုံး ပြေလည်မှု ရမယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဒီအတွက်ကို လုပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်” ဦးအောင်စိုးက သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်မှ ၂၉ ရက်နေ့ထိ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံမှ ရရှိသော ရလဒ်များကို ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ DPN ကို ပြန်လည် ရှင်းလင်း တင်ပြခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေးအဖွဲ့ (DPN)မှ တင်ပြလာထားသည့် အချက် ၉ ချက်ကို အကြမ်းမျဉ်းဆွေးနွေးခဲ့ကြပြီး ရလဒ်ကောင်းများ ရရှိခဲ့သည်ဟု နှစ်ဖက်ခေါင်းဆောင်များက   ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“ဒီနေ့အချက် ၈ ချက်စလုံးအပေါ်မှာ ပြန်လည်ပြီး ကျွန်တော်တို့ အကြမ်းဖျဉ်း ဆွေးနွေးလိုက်တဲ့အခါမှာ သဘောထားကွဲလွဲမှု မရှိပါဘူး။ အနည်းငယ် စကားလုံး အပြောင်းအလဲလေးတွေဘဲ နောက်ဆုံး ရန်ကုန်မှာဆုံးတဲ့အခါ ကျွန်တော်တို့ ခေါင်းဆောင် ပိုင်းတွေ ထပ်တွေ့တဲ့ အချိန်ကြရင် ရမယ်ဆိုတာ ယုံကြည်လို့ ဝမ်းသာအားရတဲ့အဖြေလို့ ပြောခြင်း ဖြစ်ပါတယ်”ဟု ဦးအောင်စိုးက ပြောသည်။

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့ ဒီပီအန် အဖွဲ့ဝင်များအနေဖြင့် တက်ရောက်နိုင်ခြင်း မရှိသော်လည်း ညီလာခံ ရလဒ်များကို လာရောက်ရှင်းလင်းခဲ့သဖြင့် ယခုကဲ့သို့ တိုက်ရိုက် ကြားသိရမှုအပေါ် ကျေးဇူးတင်ကြောင်း DPN ခေါင်းဆောင် ခူဦးရယ်က ပြောဆိုခဲ့သည်။

“ဒီနေ့ တွေ့ဆုံမှုကတော့ နှစ်ဖက်စလုံး ပွင့်ပွင့်လင်းလင်းနဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားမဲ့ ဖြစ်စဉ်တွေအတွက် နောက်ဆုံးတွေ့ဆုံတဲ့ တွေ့ဆုံပွဲရဲ့ ရလဒ်ကောင်းလို့ ပြောလို့ ရပါတယ်”ဟု သူက သတင်းထောက်များကို ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

DPN တင်ပြထားသည့် အချက် ၉ ချက်တွင် တပ်ပိုင်းဆိုင်ရာကိစ္စတွေမှာ တိတ်ဆို့မှုတွင် ရှိနေသဖြင့် ဆွေးနွေးရန် လိုအပ်နေမှုများ ပြေလည်နေပြီလားဟု သတင်းထောက်တစ်ဦး မေးမြန်းမှုကို ဦးအောင်စိုးက “ဟုတ်ပါတယ်။ ဒီနေ့အချက် ၈ချက်ကို အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ ပင်လုံ ညီလာခံ သဘောတူညီချက်ထဲမှာလည်း အလိုအလောက်ပါသွားတာ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့က ကောင်းမွန်တဲ့အဖြေလို့ ကျနော် ပြောတာ”ဟု သူက ပြောသည်။

ယနေ့ ဆွေးနွေးမှုတွင် အချက် ၈ ချက်နှင့်ပတ်သက်၍ တစ်ချက်ခြင်း စားလုံးဝေါဟာရ၊ အသုံးအနုန်းကွဲလွဲနေမှုများကို အဓိက ဆွေးနွေးခဲ့ပြီး နိုင်ငံရေးဆိုင်ရာမူဘောင်များ ပြန်လည် သုံးသပ်ခြင်းနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ တစ်ဆို့မှုများကို ဆက်လက် ညှိနှိုင်းရန် လိုအပ်နေဆဲ ဖြစ်သည်ဟု DPN ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

ထို့ပြင် DPN အနေဖြင့် အစိုးရနှင့်NCA လက်မှတ်ရေးထိုးနိုင်ရန်အတွက် ၎င်းတို့တင်ပြထားသည့် အချက် ၈ ချက် ညှိနှိုင်းဆွေးနွေးနိုင်မှု ရလဒ်အပေါ် အဓိက အခြေခံကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ကျနော်တို့အဆိုပြုမူ ၈ချက်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သဘောတူ လက်ခံနိုင်တဲ့ အခြေအနေ ရောက်ပြီဆိုလို့ရှိရင် ကျနော်တို့ ကတိပြုတဲ့အနေနဲ့ အန်စီအေ မထိုးခင် စပ်ကြားမှာ Deep of Comitment (ကတိကဝတ်) သဘောမျိုး DOCအဖြစ် ကျနော်တို့က လက်မှတ်ရေးထိုးမယ်။ ဆိုလိုတာက ၈ ချက်ကို ခိုင်မာစေချင်လို့ ညှိနှိုင်းဆွေးနွေးတာလေ။ ဆိုတော့ ကတိကဝတ် ချုပ်ဆိုမယ်ဆိုတာကတော့ ဒီ ၈ ချက်ကို ခိုင်မာညှိနှိုင်း အဖြေရှာလို့ သဘောတူပြီဆိုတဲ့ဟာမျုးိကို အရင်လုပ်မှာဖြစ်ပါတယ်။ ဒီအဆင့်ကို ကျော်လွန်ပြီးမှဘဲ အန်စီအေ လက်မှတ်ထိုးနိုင်တဲ့ အခြေအနေ အခင်းအကျဉ်းကို ဆက်လက် အဖြေရှာဖို့ ဖြစ်ပါတယ်။ အချက် ၈ ချက်နဲ့ အန်စီအေကို ဘယ်လို ချိတ်ဆက်မလဲဆိုတဲ့ အခြေခံ ပေါင်းကူးတံတားဘဲ ဖြစ်ပါတယ်”ဟု ခူဦးရယ်က ပြောသည်။

အကယ်၍ NCA လက်မှတ်ရေးထိုးပါက ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တွင် ပါဝင်သော ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ရှမ်းတိုးတက်ရေးပါတီ (SSPP)တို့နှင့်လည်း သက်ဆိုင်မှု ရှိသည်ဟု ခူဦးရယ်က ပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဦးအောင်စိုး၊ ဦးလမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်လင်းတို့တို့ ၄ ဦးနှင့် UNFC မှ

ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN)မှ ခေါင်းဆောင် ခူဦးရယ်၊ ဒူဝါဘောမ်ဝမ် လရော်၊ ဦးထွန်းဇော်၊ နိုင်ရွှေသိန်း၊ ဗိုလ်မှူးဟတ်ဟန်နှင့် ဦးဆန်အောင်တို့ ၆ ဦးတို့ ပါဝင်ဆွေးနွေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags