၀က်သားဒညင်းသီးဆီပြန်

၀က်သားဒညင်းသီးဆီပြန်

မင်္ဂလာပါ ။

ဒီတပါတ်တော့ မိုးလေးတွေလဲ ရွာနေတော့ စားပြီးတာနဲ့ အိပ်လို့ကောင်းမယ့်ဟင်းလေး ချက်စားကြရအောင်၊

ဝက်သားနဲ့ ဒညင်းသီးကို ဆီပြန်လေး ချက်စားကြပါတယ်။ ဒညင်းသီးက ရဲ့အစိမ့်အရသာ နဲ့ ဝက်သားလေး ပေါင်းလိုက်တော့ ဘာပြောကောင်းမလဲပေါ့။

ဟင်းချက်ဖို့ လိုအပ်တာတွေကတော့

ဝက်ပေါင်သား ၂၅သား (ဆားဆနွင်းနယ်ပြုတ် ပြီး အတုံးသေးသေးတုံးထားပါ)

ဒညင်းသီးရင့်ရင့် ၁၅လုံး (ပြုတ် အခွံသင်ပြီး ထုထောင်းထားပါ)

ငရုတ်သီး မှုန့် ကြက်သွန်ဖြူ /နီ အနည်းငယ် (ညက်အောင်ထောင်းထားပါ)

ခရမ်းချဉ်သီး ၃လုံး

ဆီ အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ချက်တော့မယ်ဆိုရင် အရင်ဆုံး ငရုတ်သီးထောင်းထားတာကို ဆီသတ်ပါ။ ခရမ်းချဉ်သီးပါ ထည့်ပြီး ကျေအောင်ချက်ပါ၊

ခရမ်းချဉ်သီးပါ ကျေပြီဆိုရင်တော့ အစောက ပါးပါးလှီးထားတဲ့ ဝက်သားကို ထည့်ချက်ပါ။ အနှစ်နဲ့ အသား သမအောင်မွှေပါ။

အသားနဲ့ ဟင်းနှစ် သမပြီး ဆီလည်လာပြီဆိုရင် ဒညင်းသီးထည့်ပါ။ ထပ်မွှေပေးပါ။ အိုးမကပ်အောင် ဂရုပြုပါ၊။

ပြီးရင်တော့ အသားမြှုပ်ရုံ ရေထည့်ပေးပါ။ အဖုံးအုပ်ချက်ပြီး မကြာခဏမွှေပေးရပါမယ်။

ရေခမ်းဆီပြန်ပြီး အသားနူးရင်တော့ ရပါပြီ။ အနံ့အရသာနဲ့ ပြည်စုံပြီး အရသာရှိလှတဲ့ ဝက်ဒညင်းဆီပြန်လေးရပါပြီ။ စားပြီးရင်တော့ သွေးကျဆေးလေးသောက်ဖို့တော့ လိုမယ်ထင်ပါတယ်။ ဝက်သားဒညင်းဆီပြန်ဟင်းလေးဟာ အခုလို မိုးအေးအေးလေးမှာ ချက်စားဖို့ သင့်တော်တဲ့ ဟင်းတမယ်ပါ။

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly