အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ NCA အကောင်အထည်ဖော်မှုအား သုံးသပ်သည့် အစည်းအဝေးပြုလုပ်မည်

အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ NCA အကောင်အထည်ဖော်မှုအား သုံးသပ်သည့် အစည်းအဝေးပြုလုပ်မည်

ရန်ကုန်၊ ဇွန် ၁၀ ။              ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက NCA စာချုပ်အပေါ် အကောင်အထည်   ဖော်နေမှုများကို ပြန်သုံးသပ်သည့် အစည်းအဝေး ပြုလုပ်မည်ဟု ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ (PNLO) မှဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမသို့ပြောသည်။

“ NCA အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်နေရာတွေက မပြည့်စုံသေးဘူး။ ဘယ်နေရာတွေက ထပ်လုပ်ဖို့ လိုတယ်၊ ဘယ်နေရာတွေက ကျန်သေးတယ်ဆိုတဲ့ဟာ  NCA အကောင်အထည်   ဖော်မှုကို ပြန်လည်သုံးသပ်ဖို့ နောက်ပြီးတော့ မူဘောင်ပေါ့ ။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိုလည်း ပြန်လည်သုံးသပ်ဖို့ပေါ့လေ ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုသည်။

ဇွန်လ ၂၈ မှ ဇူလိုင် ၂ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်တွင် အပစ်ရပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့မှ  NCA အကောင်အထည်ဖော်မှုကို ပြန်သုံးသပ်သည့် အစည်းအဝေး ပြုလုပ်မည် ဖြစ်သည်။

၂၁ ပင်လုံညီလာခံဒုတိယ အကြိမ်မကျင်းပမီ NCA အကောင်အထည်ဖော်မှုကို ပြန်သုံးသပ်သည့် အစည်းအဝေးပြုလုပ်ဖို့ ရည်ရွယ်ခဲ့သော်လည်း အချိန်မလုံ လောက်မှုကြောင့် ဇွန်လကုန်တွင် ကျင်းပရခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

NCA စာချုပ်အရ လက်မှတ်ထိုးထားသည့်အဖွဲ့များကသာ NCA ပါအချက်အလက်များကို ပြင်ဆင်ခွင့်ရှိသောကြောင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ပြင်စေချင်သည့် ကိစ္စရပ်များကိုလည်း အဆိုပါအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

NCA အကောင်အထည်ဖော်မှုကိုပြန်သုံးသပ်သည့် အစည်းအဝေးအပြီး ဇူလိုင်လထဲတွင် အစိုးရ၊ တပ်မတော် တို့ပါဝင်ပြီး အဆိုပါ အကောင်အထည် ဖော်မှုများကို ထပ်မံ ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

ထို့အပြင် ညီညွတ်သောတိုင်းရင်းသားလူုမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်တို့ ယနေ့ (ဇွန်လ ၁၀ရက် ) ချင်းမိုင်၌ အလွတ်သဘောတွေ့ဆုံပြီး UNFC ဘက်မှတောင်းဆိုချက် (၉)ချက်ကိုဆွေးနွေးနေကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly