မွန်ပြည်နယ်ဝန်ကြီးသစ် ခန့်အပ်ခြင်းအပေါ် လွှတ်တော်အမတ်အချို့ ဝေဖန်

မွန်ပြည်နယ်ဝန်ကြီးသစ် ခန့်အပ်ခြင်းအပေါ် လွှတ်တော်အမတ်အချို့ ဝေဖန်
ဓာတ်ပုံ - နိုင်ငံတော် သမ္မတရုံး

ရန်ကုန်၊ ဇွန် ၁၀ ။                 ။ မွန်ပြည်နယ် စည်ပင်သာယာနှင့်ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များနှင့် မကိုက်ညီခြင်းကြောင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း နိုင်ငံတော် သမ္မတရုံးက ဇွန်လ ၉ ရက်နေ့ ရက်စွဲဖြင့်  အတည်ပြုခန့်အပ်လိုက်သည်။

ဦးမင်းကျော်လွင်အနေဖြင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ စင်ကာပူနိုင်ငံရှိ ကုမ္ပဏီတစ်ခုတွင် သွားရောက်အလုပ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်နေသောကြောင့် ဖွဲ့စည်းပုံပါ ပြဌာန်းချက်များနှင့် မညီညွတ်ဘဲ ကန့်ကွက်ရခြင်းဖြစ်သည်ဟု မွန်လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ ပုဒ်မခွဲ(ဂ) တွင်"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်သူဖြစ်ရမည်" ဟု ဖော်ပြထားသည်။

အဆိုပါကိစ္စကို မွန်ပြည်နယ်လွှတ်တော်တွင် ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေခဲ့သော်လည်း မွန်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည့် မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်သုံးဦးက အတည်ပြုပေးခဲ့သော်လည်း တစ်စုံတရာ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

"လွှတ်တော်ကိုယ်စားလှယ်ကန့်ကွက်တာက နှုတ်နဲ့ဖြစ်တဲ့အတွက်ပေါ့နော်။ ပုံမှန်ဆိုရင် နည်းဥပဒေ ၅၄ အရ စာနဲ့ တင်ရမယ် အဆိုအဖြစ်အနေနဲ့ပေါ့၊ အခုကျတော့အဆိုအဖြစ်မဟုတ်ဘဲ ဆွေးနွေးချက်ပဲ ဆိုပြီး ဝန်ကြီးခန့်အပ်တာကို အတည်ပြုလိုက်တာပါ" ဟု သထုံမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မွန်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိထံ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည့် ဦးမင်းကျော်လွင်မှာ ပြင်ပ ပညာရှင်တဦး ဖြစ်ပြီး ၁၉၈၄ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ရရှိခဲ့သူဖြစ်ကာ (NLD) ပါတီဝင် တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနများကို ယခင်ဝန်ကြီးချုပ်ဖြစ်သည့် ဦးမင်းမင်းဦးမှ တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းနုတ်ထွက်သွားပြီးသည့်နောက်တွင် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ယင်းဝန်ကြီးဌာနများကို အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် ဦးမင်းထင်အောင်ဟန်နှင့် ဦးဝဏ္ဏကျော်တို့ကို ယာယီ တာဝန်ပေးအပ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly