တရုတ်က ပိတ်ပင်လိုက်ပြီးနောက် မြောက်ကိုရီးယား၏ ကမ္ဘာ့ကျောက်မီးသွေးတင်ပို့မှု သုညမှတ်အထိကျဆင်း

တရုတ်က ပိတ်ပင်လိုက်ပြီးနောက် မြောက်ကိုရီးယား၏ ကမ္ဘာ့ကျောက်မီးသွေးတင်ပို့မှု သုညမှတ်အထိကျဆင်း

ပြုံယမ်း၊ ဇွန် ၉ ။               ။ အိမ်နီးချင်း နျူကလီးယားပိုင် မြောက်ကိုရီးယားကို ပိုမိုဖိအားပေးနိုင်ရန်အတွက် တရုတ်နိုင်ငံက ကျောက်မီးသွေး တင်သွင်းခြင်းကို ပိတ်ပင်ထားခြင်းကြောင့် မြောက်ကိုရီးယား၏ ကမ္ဘာ့အနှံ့ကျောက်မီးသွေး တင်ပို့မှုသည် သုညမှတ်သို့ ကျဆင်းကြောင်း ကုလသမဂ္ဂက ထုန်ပြန်သည်။

ရန်လိုသည့် လက်နက်စီမံကိန်းများဖြင့် ဒေသတွင်းကို ထိပါးလျက်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ ဝင်ငွေရပေါက်ရလမ်းကို ပိတ်ဆို့ရန် ၎င်းနိုင်ငံ၏ တစ်ခုတည်းသော အဓိကမဟာမိတ်နှင့် စီးပွားရေးအားထားရာဖြစ်သော တရုတ်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံထံမှ ကျောက်မီးသွေး တင်သွင်းနေခြင်းကို ရပ်ဆိုင်းကြောင်း ဖေဖော်ဝါရီလအတွင်းက ကြေညာခဲ့ခြင်းဖြစ်သည်။

မကြာမီက ပြန်လည်အချက်အလက်သစ် ထည့်သွင်းဖော်ပြသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဝက်ဘ်ဆိုက်တွင် အမည်မဖော်ထားသည့် တစ်ခုတည်းသော နိုင်ငံသို့   မြောက်ကိုရီးယား ကျောက်မီးသွေးတင်ပို့မှုသည် သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ ဇန်နဝါရီလအတွင်းက အမေရိကန်ဒေါ်လာ ၁၂၆ သန်းဖိုး တန်ချိန်အားဖြင့် ၁ ဒဿမ ၄ သန်း တင်ပို့ခဲ့ရာမှ ဧပြီလတွင် သုညမှတ်သို့ ထိုးဆင်းသွားကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ပေးပို့သော အစီရင်ခံစာကို အခြေပြုထားသည့် ယခုအချက်အလက်ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယား ကျောက်မီးသွေးတင်ပို့နေသည့် နိုင်ငံကို တရုတ်နိုင်ငံဟု အမည်တပ် ဖော်ပြထားခြင်း မရှိပေ။

သို့သော် ထိုသို့ တရုတ်နိုင်ငံ အမည် မတပ်ခြင်းဖြင့် ပြုံယမ်းအရေးကို ထိန်းသိမ်းကိုင်တွယ်ရာတွင် ပေကျင်း၏ အကူအညီအပေါ် ကိုင်းညွတ်မှုရှိနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအတွက် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်စေနိုင်ဖွယ်ရာရှိစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly