စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနားများ နေရာအနှံ့ ကျင်းပ

စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနားများ နေရာအနှံ့ ကျင်းပ

ချင်းမိုင်၊ဇွန်လ ၉ ။          ။ တပ်မတော်နှင့် KIO အကြား တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်လာသည့် ၆ နှစ်ပြည့် အထိန်းအမှတ် အခမ်းအနားများကို ပြည်တွင်း ပြည်ပ မှ ကချင်လူမျိုးများက ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့သည်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားမှု အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရှောင်ဒုက္ခသည်များ၏ နောက်ဆုံး အခြေအနေများကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ကချင်လူထုအဖွဲ့အစည်းများ ပြုလုပ်သော အခမ်းအနားတွင် ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

“အခုအဆိုးဝါးဆုံးကတော့ လူသားချင်းစာနာထောက်ပံ့တဲ့အကူအညီတွေ လျော့ချသွားတဲ့အတွက်ကြောင့် အရမ်း ဒုက္ခရောက်နေတယ်။ ကျွန်မ မိုင်ဂျာယန် ကေအိုင်အိုထိန်းချုပ်နယ်မြေက ပါကထောင် စစ်ပြေး ဒုက္ခသည်စခန်းမှာ တာဝန်ရှိတဲ့ လူတွေနဲ့ တွေ့တော့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလလောက်ကနေ တစ်လမှာ လူတစ်ဦးကို ၇ ဒေါ်လာထောက်ပံ့မှု လုံးဝ ဖြတ်တောက် လိုက်ပြီ။ ဖြတ်တောက်လိုက်တော့ မိသားစုတွေရဲ့ အနေအထားတွေက ပိုပြီးမှ ခက်ခဲလာတယ်။ နောက်ဆက်တွဲ ဆိုးကျုးိတွေက တရုတ်နယ်စပ်မှာ နီးတဲ့အနေအထားမှာ အရွယ်ရောက်လာတဲ့ အမျိုးသမီးတွေဟာ တရုတ်နယ်စပ်ကို အလုပ် ရမယ် ဆိုပြီးတော့ ဖြားယောင်းပြီးမှ ရောင်းစားခံရတာတွေလည်း ဖြစ်လာတယ်။ စီးပွားရေး ကြပ်တည်းလာတော့ နှစ်ရှည်လာတဲ့ အချိန်မှာ စခန်းထဲမှာ ကျဉ်းကျဉ်းကြပ်ကြပ်နေရတဲ့ အနေအထားနဲ့   ထောက်ပံ့မှုတွေ မလောက်မငံ့နဲ့ နေရတဲ့ အနေအထားမှာ အမျိုးသမီးတွေ အဓိကတော့ ကျားမအပေါ်မှာ အခြေပြုတဲ့ အကြမ်းဖက်မှုက ပိုပြီးမှ ဆိုးဝါးလာစေပါတယ်”ဟု ချင်းမိုင်မြို့မှ ကချင်လူထုအဖွဲ့အစည်းမှ ပြောရေးဆိုခွင့် ရှိသူ မဂျူလီယာမရိပ်က ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် တပ်မတော်နှင့် တို့အကြားဖြစ်ပွားနေသည့် တိုက်ပွဲ ၆ နှစ်ကြာ ဖြစ်ပွားခဲ့သော အခြေအနေများနှင့် စစ်ဘေးရှောင်များ၏ အခြေအနေများ သိရှိနိုင်ရန် အခမ်းအနား ကျင်းပရခြင်း ဖြစ်သည်ဟု အခမ်းအနား စီစဉ်သူတစ်ဦးဖြစ်သူ ကချင်အမျိုးသမီးအစည်းအရုံး (KWAT)မှ ထွေထွေအတွင်းရေးမှူး ဒေါ်မွန်းနေလီက ပြောသည်။

“ကျွန်မတို့ ဒီနှစ်မှာ ၆ နှစ်ပြည့်ပြီ ဖြစ်တဲ့အတွက် တော်တော်လေး စိတ်မကောင်း ဝမ်းနည်းရတဲ့အခြေအနေဖြစ်တယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကချင်လူထုတွေရဲ့ အသံကို ထုတ်ဖော်တာပေါ့နော်။ ဒီနှစ်ကတသံထဲ ထုတ်ဖော်တာ ဖြစ်တယ်”ဟု သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။

လတ်တလော တပ်မတော်ဘက်မှ ရွှေ၊ ပယင်းမှော်များတွင် ဇွန် ၁၅ ရက်နောက်ပိုင်း ထွက်ခွာရန် စာဖြန့်ကျဲခဲ့သဖြင့် ဒေသခံ ရွာသားများနှင့် ရွှေ့ပြောင်းအလုပ်သမား အများအပြား တိမ်းရှောင်ပြီး တချို့မှာ တိုက်ပွဲအတွင်း ပိတ်မိနေသည့် အခြေအနေများနှင့် ၆ နှစ်အတွင်း စစ်ဘေးရှောင်များ အခက်အခဲများကို အခမ်းအနားတွင် ပြောဆိုခဲ့သည်။

အစိုးရ ထိန်းချုပ်သည့်ဒေသရှိ စစ်ဘေးရှောင်ဒုက္ခသည်ကလေးများအတွက် ကျောင်းတက်နိုင်ရေး အခွင့်အလမ်း ရှိနေသော်လည်း KIO ထိန်းချုပ်သည့် ဒေသရှိ စစ်ရှောင်ဒုက္ခသည်များ အတွက်မူ ကျောင်းသားဦးရေနှင့် ကျောင်းဆရာ၊ ဆရာ ဦးရေ လုံလောက်မှု မရှိသည့် အခက်အခဲများလည်း ရှိနေသည်ဟု သူက ပြောသည်။ ထို့ပြင် KIO အထက်တန်းကျောင်းတွင်   အောင်မြင်သွားသူများအနေဖြင့် တက္ကသိုလ်ကျောင်း ဆက်တက်ရန် အခွင့်အလမ်းလည်း မရှိသဖြင့် မျော်လင့်ချက် အလှမ်းဝေးနေသည်ဟု သူက ပြောသည်။

“စစ်ဖြစ်လာတဲ့အချိန် လူ့အခွင့်အရေးချိုုးဖောက်မှုတွေ စဖြစ်တော့ အမျိုးသမီးတွေ အများကြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်တယ်။ ရိုက်နှိက်မှုတွေ ကြုံရတယ်။ အဲဒီ အချိန်တုန်းက ကျွန်မတို့ မှတ်တမ်းက လိင်ပိုင်းဆိုင်ရာနဲ့ သတ်ဖြတ်မှုတွေ ၂၀ ပတ်ဝန်းကျင်ရှိတယ်။ ဒီ ကြားထဲမှာ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်လာတဲ့အချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုက များသောအားဖြင့် သူများတွေ သုံးသပ်တာက လျော့နည်းလာတယ်ပေါ့။ ဒါပေမဲ့ ကျမတို့ရဲ့ KWAT မှတ်တမ်းကတော့ လျော့နည်းလာတာ မရှိဘူး”ဟု မဂျူလီယာမရိပ်က ပြောသည်။

လူ့အခွင့်အရေးချုးိဖောက်မှုများ ရပ်တန့်ရန် မြန်မာ့တပ်မတော်ဘက်မှ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ ရပ်တန့်ရန်နှင့် ကချင်ဒေသအတွင်း စစ်အင်အားတိုးချဲ့မှု လျော့ချရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု လက်ခံပြီး အမှန်တရားရှာဖွေမှု ပြုလုပ်ရန် တောင်းဆိုလိုသည်ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly