သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယခင်နှစ်ထက် ၄ ဆပိုများလာ

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ယခင်နှစ်ထက် ၄ ဆပိုများလာ

ရန်ကုန်၊ဇွန် ၉ ။             ။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းသည် ပြီးခဲ့သည့်နှစ်၂၀၁၆ ထက် ယခုနှစ်တွင် ၄ ဆပိုများလာကြောင်း သွေးလွန်တုန်ကွေးရောဂါနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့်   တွေ့ဆုံပွဲ၌ ရန်ကုန်တိုင်းဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောသည်။

"ကျွန်တော်တို့က ဒီနှစ်မှာဆိုရင် အရင်နှစ်ကထက် ၄ ဆ ပိုများလာတာပေ့ါ။ ဒီနှစ်အတွင်း နှိုင်းယှဉ်ရင်ပေ့ါ။ အခု၂၀၁၇ ခုနှစ်မှာ ဆိုရင် တစ်နိုင်ငံလုံးမှာလည်း ဖြစ်ပွားမှုက အများဆုံးပါ "ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောသည်။

ရန်ကုန်တိုင်းအတွင်းတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်မှုလုပ်ငန်းများနှင့် ဖြစ်ပွားနေသော အခြေနေမှန်များကို ပြည်သူများသိရှိသွားစေရန် ဇွန်လ ၉ ရက်တွင် မီဒီယာတွေ့ဆုံပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ပိုးလောက်လန်းဘဝ၌ နှိမ်နင်းမှသာ သွေးလွန်းတုပ်ကွေးရောဂါကို ပိုမိုထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဌာန၏ လက်ကမ်းစာစောင်တွင် ကြေညာထားသည်။

"အဓိကကတော့ ကျွန်မခုနကပြောသလိုကိုယ့်အိမ်မှာ ပိုးလောက်လန်းတစ်ကောင်မကျန် နှိမ်နင်းနိုင်မှသာလျှင်ပေါ့နော်။ ခြင်လောက်လန်းတစ်ကောင်ကနေပြီးတော့ ၁လခွဲအတွင်း သန်းချီပြီး ပေါက်တယ်လို့ ကျွန်မပြောခဲ့ပြီးပါပြီ။ အဲ့တော့ခြင်တွေကို တစ်ကောင်ချင်း လိုက်ဖမ်းနေတာထက်စာရင် ခြင်လောက်လန်ဘဝမှာ နှိမ်နင်းတာက ပိုပြီးအထိရောက်ဆုံးဖြစ်ပါတယ်"ဟု ဒုတိုင်းဦးစီးမှူး ဒေါက်တာ ခင်နန်းလုံ ကဆိုသည်။

ရန်ကုန်တိုင်းအတွင်း ယခုနှစ် ၂၀၁၇ ခုနှစ်တွင် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှုအခြေအနေ စာရင်းအရ ၁၄၁ဦးမှာ ၉ဦးသေဆုံးကြောင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်းအတွင်း၌ရှိသည့် မြို့နယ်အသီးသီးတွင် သွေးလွန်တုန်ကွေးဖြစ်ပွားနေမှုကို လျှော့ချရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနကဦးဆောင်ပြီး မြို့နယ်တိုင်းမှာပညာပေးရေးလုပ်ငန်းတွေကို လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly