ကိုရီးယား ဘဏ္ဍာရေးအုပ်စုကြီး နောင်ဟိုက် (NH)က မြန်မာနှင့် အင်ဒိုနီးရှားကို စီးပွားရေးချဲ့ထွင်လို

ကိုရီးယား ဘဏ္ဍာရေးအုပ်စုကြီး နောင်ဟိုက် (NH)က မြန်မာနှင့် အင်ဒိုနီးရှားကို စီးပွားရေးချဲ့ထွင်လို

ဆိုးလ်၊ သြဂုတ်-၃ ။        ။ ပြည်တွင်းစီးပွားရေးအခြေအနေမှာ သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသောကြောင့် နောင်ဟိုက် ဘဏ္ဍာရေးအုပ်စု (Nonghyup Financial Group)က ၎င်း၏ စီးပွားရေးလုပ်ငန်းများ ကို အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့သို့ ချဲ့ထွင်ရန် ကြိုးစားနေသည်ဟု ဥက္ကဌ ကင် ယောင်ဟွန်းက သြဂုတ်လ ၃ရက်နေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံပိုင် ကိုရီးယားပို့ကုန်သွင်းကုန်ဘဏ်၏ အကြီးအကဲဟောင်းတစ်ဦးဖြစ်သည့် ကင်က သတင်းထောက်များကို ပြောကြားရာတွင် ကမ္ဘာနှင့်အဝန်း ဖြန့်ကျက်ရန် ခြေလှမ်းတစ်ရပ်အနေဖြင့် အင်ဒိုနီးရှားနှင့် မြန်မာတွင် ဘဏ်စတော့ရှယ်ယာများကို ဝယ်ယူသွားရန် စဉ်းစားနေသည်ဟုဆိုသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနကဲ့သို့သော အဓိကကျသည့် အစိုးရရာထူးတာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည့် ကင်က နောင်ဟိုက်၏ ကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်ရန်အတွက် ကမ္ဘာနှင့်အဝန်း လုပ်ငန်း များဖြန့်ကျက်ရန်မှာ အရေးကြီးကြောင်း အလေးအနက် ပြောကြားခဲ့သည်။

ကိုရီးယားကုမ္ပဏီများနှင့် ပြည်ပရောက်ကိုရီးယားများကို ပစ်မှတ်ထားသည့် နိုင်ငံခြားလုပ်ငန်းများမှာ အကျိုးအမြတ်မများလှသောကြောင့် နောင်ဟိုက်အနေဖြင့် နိုင်ငံရပ်ခြားသို့ ဦးတည်ထိုးဖောက်ရန် လိုအပ်နေပြီး၊ ယင်းသို့ထိုးဖောက်ရာတွင်လည်း နောင်ဟိုက်၏ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို အသုံးချရလိမ့်မည်ဟု ကင်က ပြောကြားခဲ့သည်။

သို့ရာတွင် လောလောဆယ် အရှေ့တောင်အာရှတွင် အခြေခံပါ့တနာမရှိသေးသောကြောင့် နိုင်ငံခြားဘဏ်များနှင့်အလုပ်လုပ်ရန် မစဉ်းစားရသေးကြောင်းနှင့် ယခုနှစ်တွင် မည်သည့် နိုင်ငံရပ်ခြား အလုပ်သဘောတူညီမှုမျှ မပြုလုပ်ရသေးကြောင်း နောင်ဟိုက်အုပ်စု၏ ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် နောင်ဟိုက်အနေဖြင့် ၎င်း၏ ဘဏ္ဍာရေးမဟုတ်သည့် ထုတ်ကုန်များအပေါ်တွင် အားပြုပြီး နိုင်ငံခြားသို့ ချဲ့ထွင်သင့်ကြောင်း အုပ်စု၏ဥက္ကဌ ကင်က ပြောကြားခဲ့သည်။ အုပ်စု၏ ဦးပိုင်ကုမ္ပဏီဖြစ်သော အမျိုးသားစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု ဖက်ဒရေးရှင်း (NACF)မှာ ကိုရီးယား၏ အကြီးမားဆုံး စိုက်ပျိုးရေးကုမ္ပဏီကြီးတစ်ခုပင် ဖြစ်သည်။

ဥပမာအားဖြင့် နောင်ဟိုက်အုပ်စုမှာ တရုတ်လက်လီကုမ္ပဏီကြီးဖြစ်သည့် ရှင်ရှီဝမ်အုပ်စုသို့ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချရန်အတွက် ဖက်ဒရေးရှင်းကို ဘဏ္ဍာရေးထောက်ပံ့နေသည့် ပါ့တနာတစ်ဦးပင်ဖြစ်သည်။

ယခုရက်သတ္တပတ်နှောင်းပိုင်းကလည်း နောင်ဟိုက်အုပ်စုက တရုတ်လက်လီကုမ္ပဏီကြီး ဟွာလီယင်အုပ်စုနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး၊ သဘောတူညီချက်အရ NACFက ဝမ်သန်း ၁ထရီလျံတန်ဖိုးရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို သုံးနှစ်ပို့ပေးရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly