အနုပညာဆိုတာ ချန်ခဲ့ ရမယ့်အရာ ဖြစ်ပါတယ်(မာရဇ္ဇနှင့်တွေ ့ဆုံခြင်း အပိုင်း(၄))

အနုပညာဆိုတာ ချန်ခဲ့ ရမယ့်အရာ ဖြစ်ပါတယ်(မာရဇ္ဇနှင့်တွေ ့ဆုံခြင်း အပိုင်း(၄))

မဇ္ဈိမတီဗီကို ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ အခုတင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ အနုပညာရှင်နဲ့  စကားဝိုင်း အစီစဉ်လေးပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့အစီစဉ်လေးမှာ ဒီတပတ်အတွက် ဖိတ်ကြားထားတဲ့သူကတော့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို တစိုက်မတ်မတ် နှစ် ၂၀ကျော်ပေါ့နော်။ သီဆိုအောင်မြင်လာတဲ့ အခုအချိန်ထိ အောင်မြင်နေဆဲ   တေးရေးဆရာ အဆိုတော်တယောက်ဖြစ်တဲ့ ကိုမာရဇ္ဖနဲ့ ဆွေးနွေးခန်းလေးပဲ ဖြစ်ပါတယ်။

မေး ။ ပရိသတ်တော်တော်များများက အစ်ကိုနဲ့ပတ်သက်လို့သိချင်နေကြတာလေးတစ်ခုရှိတယ် သီချင်းဟောင်းတွေ ပြန်ဆိုလိုက်တိုင်း ဝုန်းခနဲ ဆိုပေါက်တယ်ပေါ့နော်။ သူများနဲ့လည်း မတူဘူး။ အဲဒီတော့ အစ်ကို သီချင်းလေးတွေ ရေးစပ်ပုံ ၊ခံစားသီဆိုပုံလေး  အဲဒါကို လူငယ်တွေက ပညာရအောင် သိချင်နေကြတယ်။ အဲဒါလေးပြောပြပေးပါဦး။  

ဖြေ။ ဒီလိုပေါ့ အဲစကားကလည်း ခဏ ခဏ ပြောရပါတယ်။ တကယ်တော့ ပြန်ဆိုတေးတွေ အများကြီး ဆိုခဲ့ဖူးတယ်။ တော်တော်ကို  ဆိုခဲ့တာ မေးကြတယ်။ တချို့ ကိုမာရဇ္ဇ အယ်လ်ဘမ်ဘယ်နှစ်ချပ်ထုတ်ခဲ့တာလဲ ဆိုတော့ တစ်ကိုယ်တော်က ၁၆ ချပ်လား၊ ၁၇ ချပ်လား ရှိပြီ။ အတွဲခွေရောတဲ့။ အဲ့ဒါတော့ အများကြီး  မမှတ်မိတော့ဘူးလို့။ အတွဲခွေတော်တော်များများက   ပြန်ဆိုတေး များတာကိုး။ ကိုရုပ်ဆိုး ဆို ပလေးဘွိုင်သန်းနိုင်သီချင်းတွေ  တော်မီကျော်နိုင်သီချင်းတွေ တခွေလုံးပြန်ဆိုတာ ပေါက်တာပဲ။ ပြောချင်တာက သူများသီချင်းကို ပြန်ဆိုမယ်ဆိုရင် သူများတော့ မသိဘူး။ ကိုယ်ကတော့ နံပါတ် ၁ ကို တကယ်ကြိုက်မှ ပြန်ဆိုတယ်။ နံပါတ်၂က ဒီသီချင်းရဲ့ သမိုင်းကြောင်းကို လေ့လာတယ်။ ဒီသီချင်းဟောင်းဟာ ဘယ်လောက်ထိ သြဇာကြီးခဲ့လဲ။ ဘယ်လောက်ထိကို့ကို အန္တရာယ်ပေးနိုင်လဲ ပြီးတော့ မူရင်းအဆိုတော်အတွက် ဘယ်အချက်တွေက အရမ်းကောင်းစေခဲ့တာလဲ ..အဲ့ဒီအချက်တွေကို မပါ ပါအောင် ပြန်ဆိုရတယ်။ ကိုလွှမ်းမိုးဆိုရင် အရမ်းထူးခြားတဲ့ပါရမီရှင်တစ်ယောက်ပဲ။ သူ့သီချင်းတွေပြန်ဆိုတော့မယ်ဆိုရင် သူဆိုထားတဲ့ နေရာအတော်များများက အားသာချက်တွေ မြင်အောင်ရှာရတယ်။ ဒါက သူမှ မဟုတ်ဘူး။ တခြားသူ အတော်များများပါ။ အဲဒီအချက်တွေ အကုန်လုံး သူ့သီချင်းပြန်ဆိုတော့မယ်ဆို အကုန်ပါအောင်ထည့်ရမှာ။  ကျန်ခဲ့လို့မရဘူး။ ပြီးတော့မှ ကိုယ့်ဟန်နဲ့ကိုယ်ဆို။ အရေးကြီးဆုံးက ဒီသီချင်း ပျက်မသွားဖို့ပဲ။  ငါ့သီချင်းဖြစ်အောင်ဆိုမယ်ဆိုတဲ့စိတ် ဘယ်တာ့မှ မရှိခဲ့ဘူး။ အဲ ဒီထက် ပိုတဲ့ အကျိုးပေးစေတာက  ငါ ဒီသီချင်းကို လုပ်စားဖို့ ဆိုတာမဟုတ်ဘူး။ သေချာတယ်။ အစ်ကိုပေါက်ထားတာ အများကြီး။ ငါ ဒီအနုပညာရှင်ကို ဂုဏ်ပြုတာ ။

မေး ။  အနုပညာလောကမှာကော အပြင်မှာပါပြောနေကြတာ။ ဂီတလောက က ပျက်နေပါပြီတို့။ ကမ္ဘာမှာ အဆင့်အရမ်းနိမ့်နေပါပြီတို့။ အဲ့ဒီအပေါ်မှာရော အစ်ကို့အနေနဲ့ဘယ်လို အကြံပေးမလဲ။

ဖြေ။ ဒါကို ပြောရမယ်ဆိုရင် ကိုရွှေဂျော်ဂျော်ပြောထားတဲ့စကားလေး ငှားပြောမယ်။ '' တိုင်းပြည်တစ်ပြည်ရဲ့ အဆင့်အတန်းကို သိချင်ရင် အဲ့တိုင်းပြည်မှာရှိတဲ့ လူတွေရဲ့ကြားထဲမှာ   ခေတ်စားနေတဲ့၊  ပေါက်နေတဲ့ သီချင်းကို ကြည့်ရင် သိနိုင်ပါတယ်တဲ့။ ဒါပေမယ့် လူတိုင်း နားထောင်လို့ရသွားရင်တော့ အဲဒီလို မဟုတ်တော့ဘူးပေါ့။ ကိုယ်တွေနောက်ပိုင်းဖန်တီးတဲ့ Music သည် ၊ အနုပညာဟာ လူတိုင်းအတွက် မဟုတ်ဘူးနော် ။ Level ညီတဲ့လူတွေအတွက်ပဲ ရမယ်။ သီချင်းတွေမှာ Level ရှိတယ်။ ခံစားသူနဲ့ ဖန်တီးသူ၊ ရင်ခုန်သံ Level ထပ်တူကျမှ အဲသီချင်းက အောင်မြင်တာ။ လူတစ်ယောက် သူ့အတွေးအခေါ် ဘယ်လောက်မြင့်မားလဲဆိုတာ သူနားထောင်တဲ့ ဂီတကိုကြည့်ရင်သိတယ်။ မြန်မာပြည်က ဒိတ်ဒိတ်ကျဲ သူဌေးကြီးတစ်ယောက်ပြောဖူးတယ်။ နာမည်တော့ မပြောတော့ဘူး။  '' မြန်မာပြည်မှာ သူဌေးတွေ အင်မတန်များတယ်၊ ရိုက်သတ်လို့ မကုန်ဘူးတဲ့။ ဒါပေမယ့် သူဌေးတိုင်း လေးစားစရာ မကောင်းပါဘူး''တဲ့။  ဘယ်လောက် အဆင့်တန်းရှိတယ်ဆိုတာ သူ့ကားထဲဝင်ထိုင်လိုက်တာနဲ့သိရတယ်။ သူ အမြဲဖွင့်နေတဲ့သီချင်းကို နားထောင်ကြည့်လိုက်ရင် သူ့အဆင့် ဘယ်လောက်ရှိတယ်ဆိုတာ သိရတယ်။ အဲဒီတော့ ခုန ပြောတဲ့ထဲမှာ အဖြေပါသွားပြီ ။ ပုဂ္ဂိုလ်ရေးရာတွေ မပြောတော့ဘူး။ ခုချိန်မှာ လူမုန်းများလွန်းလို့ ဘယ်နေရာနေရမှန်းတောင်မသိဘူး။ ကိုယ် ဘာဖြစ်ချင်တယ်။ ကိုယ့်ဟာကိုတွေး၊ ပရိသတ်က သိတယ်။ ဘယ်သီချင်းက နိမ့်တယ်၊ ဘယ်သီချင်းက မြင့်တယ် သူတို သိတယ်။  အဲဒီ သီချင်းတစ်ပုဒ် ပေါက်နေတာနဲ့တော့ ဂီတလောက နိမ့်တယ်လာမပြောနဲ့ မြင့်မြင့်တွေပေးတာရော မင်းတို့လက်ခံနိုင်ပြီလား။ နားထောင်တတ်ပြီလား။ မေးစရာတွေ အများကြီးပဲ။

မေး။ အချိန်အခါ စီးရီး VCDက ဘယ်တော့လောက်ထွက်ဖြစ်မလဲ အစ်ကို

ဖြေ။  VCDက ပြီးနေပါပြီ။  ၆လပိုင်းလကုန် သို့မဟုတ် ၇လပိုင်း မှာ ထွက်မှာပါ ။

မေး ။ အစ်ကို့ One Man Show တွေရော ဟိုတလောက မန္တလေးမှာ တည်ပြီး ပျက်သွားတယ်ကြားတယ် ။ အဲဒါတေ ဘယ်တော့လောက်ပြန်လုပ်ဖို့ရှိလဲ ခင်ဗျ။

ဖြေ။ လာမယ့် အောက်တိုဘာ ၂၀က အစ်ကို့မွေးနေ့ပေါ့ အသက် ၅၀ပြည့်မှာ ။ မွေးနေ့ရော၊ မွေးလရော မွေးရက်ရောတိုက်နေတာ။ အစ်ကိုအရင်ကတည်းက ရန်ကုန်မှာ One Man Show ၃ပွဲလုပ်ခဲ့ဖူးတယ်။ ဒီတခါတော့ အမျိုးသားဇာတ်ရုံမဟုတ်တဲ့တစ်နေရာ ရန်ကုန်မှာပဲ Out Door တစ်ခုကိုစဉ်းစားတယ်။ မျှော်စင်ကျွန်းလို နေရာပေါ့။ အဓိက လူတန်းစေ့ကြည့်လို့ရမယ့်   ငွေကြေးလေးနဲ့ပေါ့။ Free တော့ မလုပ်ဘူး။ ကိုယ့်အနုပညာ ကိုယ်တန်ဖိုးထားလို့ပါ။ သင့်တင့်တဲ့ဈေးလေးနဲ့ အောက်တိုဘာ ၂၀ ရန်ကုန်မှာ လုပ်ပါမယ်။ ကိုယ့် Band နဲ့ တစ်ယောက်တည်းပဲ ဆိုပါ့မယ်။ ပြီးမှ မန္တလေးမှာ ပျက်ခဲ့တဲ့ပွဲကို အကြွေးပြန်ဆပ်ပါ့မယ်။ ရန်သူမျိုးငါးပါးကြောင့်ပျက်သွားတဲ့ပွဲလေးကို ဒုတိယအကြိမ် မကျေပွဲနွဲပါ့မယ်။ အဲ ပွဲပျက်တော့ အစ်ကို အင်မတန်လေးစားရတဲ့ ကိုဂျေမောင်မောင်ကြီးက ဖုန်းဆက်တယ်။ ဘာဖြစ်တာလဲ ပေါ။ ဒီလို ဒီလိုပေါ့ကိုယ်ကပြောပြတော့ သူက အားပေးရှာပါတယ်။ မာကြီးရာတဲ့ မန္တလေး ပရိသတ်အတွက်က မာကြီးက အပျိုစင်လေးပဲ ရှိပါသေးတယ်တဲ့။ အဲ  အပျိုစင်လေး မန္တလေး လာမယ်။ ဒါကြိုပြောတာပါ ။

မေး ။ ဟုတ်ကဲ့ နောက်ဆုံးမေးခွန်းလေးတစ်ခုက လူငယ်တွေ အဓိက သိချင်နေတဲ့ ကိုမာရဇ္ဇရဲ့ သီချင်းရေးပုံ ဆိုပုံတွေနဲ့ပတ်သက်ပြီး အင်အားဖြစ်စေမယ့် စကားလေးပြောပေးပါဦး။

ဖြေ။ ဒီဖက်ခေတ်လူငယ်တွေက တော်ကြပါတယ် အစ်ကိုတောင် ပြန်အားကျရတဲ့လူတွေတောင် ရှိတယ်။ SIR တို့ ကျားပေါက်တို့ ဆို လေးစားပါတယ်။ ဘာလို့ဆို ကိုယ်ပိုင် Band နဲ့ ရပ်တည်ချင်တာကိုး။ ကိုယ်ဆို အခုချိန်ထိ ကိုယ်ပိုင် Band နဲ့ရပ်တည်ချင်တာ။ မအောင်မြင်သေးဘူး။ သူတို့ဆို ရပ်တည်နေကြတယ်။ အစ်ကိုက လူငယ် Band တွေ အတော်များများနားထောင်ဖူးတယ် ဒါဖြတ်ပြောတာ။ စောစောက မေးခွန်းနဲ့တော့မဆိုင်ဘူး ပြောချင်လွန်းလဲ။  လက်ရှိ ဒီက အဆိုတော် တော်တော်များများက ငါ အဆိုတော်တယောက်ဖြစ်ပြီဆိုရင် တခြားအဆိုတော် သီချင်းတွေနားထောင်ဖို့ စိတ်မဝင်စားတော့ဘူး ။ အဲဒီတော့ မှားလား မှန်လား ဆိုတာကတော့ သူတို့ကိစ္စပါ။ အစ်ကိုက နားထောင်တယ် ။ ဟိုတနေ့က ကျားပေါက်အခွေထွက်တယ် သွားဝယ်တယ်။ နားထောင်တယ်။ နံပါတ်၁  အားပေးတာ၊ နံပါတ် ၂ က သူဘာတွေလုပ်ထားလဲ နားထောင်တာ ။ နားထောင်တဲ့နေရာမှာလဲ Side ၃ ခု လောက်ကနေ နားထောင်တာ။ ပရိသတ် Side၊ ပညာရှင် Side က နားထောင်တယ်၊   ကော်မာရှယ် Side က နားထောင်တယ်။ ဈေးကွက်အရ နားထောင်တာ ..ပြီးတော့မှ ကိုယ့်ဟာကို သုံးသပ်တယ်။ ငါဘာတွေလိုအပ်လဲ ဘတွေပြင်ဆင်ရမလဲ။  အဲဒီတော့ လူငယ်တွေပြောချင်တာ  သီချင်းများများနားထောင်ပါ။ ဖန်တီးပါ ကိုယ်ပိုင် Band နဲ့ရပ်တည်ပါ။ ခက်ခဲတယ်ဆိုရင်တောင်  အရေးအကြီးဆုံးက သီချင်းပါဆိုမယ် ဆုံးဖြတ်ထားတယ်ဆိုရင် ကိုယ့် ဟာကိုယ် ဖန်တီးနိုင်အောင်ကြိုးစားပါ။ ဘာကြောင့်လဲ။  မျက်နှာငယ်ရပါတယ်။ ကိုယ်တိုင်မရေးနိုင်ရင် မျက်နှာငယ်ရပါတယ်။ ကိုယ်တိုင်ရေးမှ ကိုင်ပိုင်ဟန်ဖြစ်တာ။ ကိုယ်မရှိတော့တဲ့အခါကြ ကျန်ခဲ့မဲ့ နောင်လာနောင်သားတွေက အဲ့ဒီတော့ အနုပညာဆိုတာ ချန်ခဲ့ရမယ့်အရာဖြစ်ပါတယ်။ များများရေးပါ။ နားထောင်ပါ လေ့လာပါ။ အားလုံးကို ဘယ်လိုပဲ ဖြစ်ဖြစ်ကြိုဆိုတယ် ..လူငယ် Band တွေ ကြိုက်တဲ့ အကူညီတောင်းပေးမယ်။ ပိုက်ဆံက လွဲရင်ပေါ့။ ကိုယ်က မချမ်းသာတဲ့အခါကျတော့ ကျန်တာ အကုန်လုပ်ပေးလို့ရပါတယ်။

ဟုတ် အစ်ကို အခုလို Mizzima TV အတွက်လာပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ ။

ဖြေ.. အစ်ကိုလဲ ကျေးဇူးတင်ပါတယ် အဖွဲ့သားတွေအားလုံးကိုရောပေါ့။

Mizzima TV ကိုအားပေးကြည့်ရှုနေကြတဲ့ ပရိသတ်များကို ကျေးဇူးအထူးတင်ပါတယ် ခုတင်ဆက်ပေးခဲ့တာကတော့ .. အနုပညာရှင် နှင့် စကားဝိုင်း အစီစဉ်လေးပဲဖြစ်ပါတယ် ဒီတပါတ်မှာ ဆွေးနွေးခဲ့တာတော့ ကိုမာရဇ ဖြစ်ပြီးတော့ နောက်တပတ်အစီစဉ်မှာ ဘယ်လိုအနုပညာရှင်ဖြစ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြ ပါဦးလို့ပြောရင်းနဲ့ အစီစဉ်လေးကိုရပ်နားရင်း  နှုတ်ခွန်းဆက်လိုက်ရပါတယ် ခင်ဗျာ ...။

အင်တာဗျူးအပိုင်း(၁)အားကြည့်ရန်-http://www.mizzimaburmese.com/article/27545

အင်တာဗျူးအပိုင်း(၂)အားကြည့်ရန်-http://www.mizzimaburmese.com/article/27585

အင်တာဗျူးအပိုင်း(၃)အားကြည့်ရန်-http://www.mizzimaburmese.com/article/27651

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly