တပ်မတော်လေယာဉ်ပျက်ကျမှုတွင် ပါ၀င်ခဲ့သူများကို လူမှုဝန်ထမ်းမှ ငွေကျပ် ၃၆၆ သိန်းထောက်ပံ့

တပ်မတော်လေယာဉ်ပျက်ကျမှုတွင် ပါ၀င်ခဲ့သူများကို လူမှုဝန်ထမ်းမှ ငွေကျပ် ၃၆၆ သိန်းထောက်ပံ့
လေယာဉ်ပျက်ကျရာတွင် သေဆုံးခဲ့ပြီး လတ်တလောဆယ်ယူရရှိသည့် အလောင်းများကို သယ်ဆောင်လာပုံအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP
 

ရန်ကုန်၊ ဇွန်လ ၈ ။            ။ တပ်မတော်လေယာဉ်ပျက်ကျမှုတွင် ပါဝင်ခဲ့သူများကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ  ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၃၆၆ သိန်းကို ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သေဆုံး/ပျောက်ဆုံးသူများ၏ မိသားစုများ မိတ်ဆွေသူငယ်ချင်းများနှင့်ထပ်တူ ပူပန်ကြေကွဲရပါသည် ဟု လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် စစ်ရေးချုပ်ရုံးမှ ထောက်ပံ့ငွေ (၅)သိန်း၊ တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ငွေ (၂)သိန်း၊ စုစုပေါင်း တစ်ဦးလျှင် (၇)သိန်းကျပ်စီ ကနဦးအနေဖြင့်   ထောက်ပံ့ပေးအပ်ကာ ဆက်လက်ပြီး တပ်မတော်သားမိသားစုဝင်များအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၅၀၀ အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ ထူးကုမ္ပဏီနှင့် မဒွယ်မိသားစုဝင်များမှ ငွေကျပ်သိန်း ၃၀၀ နှင့် ရောင်နီဦးနှင့်မိတ်ဆွေများ ပရဟိတအဖွဲ့တို့မှ ထောက်ပံ့ငွေကျပ်သိန်း ၂၀၀ အား အမှတ်(၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးထံသို့ လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

အဆိုပါပျက်ကျသွားသော လေယာဉ်တွင် ကလေးငယ် ၁၅ ဦးအပါအဝင် ခရီးသည် စုစုပေါင်း ၁၀၈ ဦး လိုက်ပါလာခြင်းဖြစ်ကာ  လေယာဉ်အမှုထမ်း ၁၄ ဦး လိုက်ပါလာ၍ စုစုပေါင်း ၁၂၂ဦး လိုက်ပါလာခြင်း ဖြစ်သည်။ လေယာဉ်သည် ထားဝယ်မြို့အနောက်တောင်ဘက် ၄၃မိုင်ခန့်အရောက်တွင် ထားဝယ်လေဆိပ်နှင့် အဆက်အသွယ် ရရှိပြီးနောက်ပိုင်း အဆက်အသွယ်   ပြတ်တောက်သွားခြင်း ဖြစ်သည်။

ဇွန်လ ၇ ရက်မှ စတင်ရှာဖွေခဲ့ရာ ယနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်အထိ ရှာဖွေတွေ့ရှိခဲ့သော အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၀ လောင်း၊ ကလေးရုပ်အလောင်း ၈ လောင်း တို့အား တပ်မတော်စစ်ရေယာဉ်များဖြင့် ပို့ဆောင်ခဲ့ရာ ညနေ ၅ နာရီတွင် လောင်းလုံမြို့နယ်၊ စန်းလန်းကျေးရွာသို့ရောက်ရှိပြီး ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly