ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေး

ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေး

စစ်တွေ၊ ဇွန် ၈ ရက်။             ။  ရခိုင်ပြည်နယ်အတွင်းရှိ ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းဝေးတစ်ရပ်ကို ဇွန်လ ၇ ရက်နေ့က စစ်တွေမြို့ ပြည်နယ် လူမူဝန်ထမ်းရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းမှ အစိုးရမူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများ၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်းများနှင့် နေ့ကလေးထိန်း ဌာနများအား မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင် ကြေးများ သတ်မှတ်နိုင်ရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းဝေးတွင် ရခိုင်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ဝင်များမှ မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးများ၊ သက်တမ်းတိုးကြေးများအတွက် ငွေကြေးသတ်မှတ်ခြင်းနှင့် ပတ်သတ်၍ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်ရေးအဖွဲ့၏ ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်မူ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“မူကြိုကျောင်းတွေ ရပ်ရွာအခြေပြု ကလေးသူငယ်အကျိုးပြု လုပ်ငန်းတွေအတွက် ဥပဒေတွေ ပြဌာန်းထားပြီးပါပြီ။ အဲဒီလုပ်ငန်းတွေကို မှတ်ပုံတင်ကြေးနဲ့ နှစ်စဉ်ကြေးတွေကို စနစ်တကျ သတ်မှတ်ပေးဖို့အတွက် ညှိနှိုင်းခဲ့တာပါ ”ဟု ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတင်းရှိ မူလတန်းကြိုကျောင်းအသီးသီးနှင့် ရပ်ရွာအခြေပြု ကလေးသူငယ် အကျိုးပြု လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရေးကိစ္စနှင့်ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“အခု ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ဆောင်ရွက်တဲ့အပိုင်းတွေမှာ နည်းနည်း အားနည်းနေတာတွေကို တွေ့ရတယ်။ ဒါကြောင့်မို့လို ပိုပြီးတော့ကောင်းမွန်တဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဆွေးနွေးခဲ့တာပါ။”ဟု ဆက်လက်ပြောကြားခဲ့သည်။

ယင်းအစည်းဝေးသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာန ဌာနမှူး သက်လှိုင်ထွန်းတို့အပါအဝင် ဌာနဆိုင်ရာများမှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly