တပ်မတော်လေယာဉ် ပျက်ကျမှုမှ ရုပ်အလောင်း ၂၉ လောင်းအထိ ရှိလာ

တပ်မတော်လေယာဉ် ပျက်ကျမှုမှ ရုပ်အလောင်း ၂၉ လောင်းအထိ ရှိလာ

ဇွန်လ ၈ ။               ။ တပ်မတော် လေယာဉ် Y-8 အား ရှာဖွေရာ လက်ရှိအချိန်ထိ ရုပ်အလောင်း ၂၉ လောင်းအား ရှာဖွေတွ့ရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဇွန်လ ၈ ရက်၊ ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်သည်။

ပျောက်ဆုံးသွားသည့် Y-8 လေယာဉ်အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူပေါင်းအဖွဲ့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့် အထိ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၀ လောင်း ၊ကလေးရုပ်အလောင်း ၈ လောင်း စုစုပေါင်း ရုပ်အလောင်း ၂၉ လောင်းအား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ယခု ထပ်မံတွေ့ရှိမှုမှာ ၁၉ လောင်း ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး နေ့လည်ပိုင်းအထိ အလောင်း ၁၀ လောင်း တွေ့ရှိထားသည်။

ဇွန်လ ၈ ရက် ၊ နံနက် ၈ နာရီ ၁၈ မိနစ်တွင် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းအချို့နှင့် ရုပ်အလောင်းအချို့အား ကျောက်နီမော် ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်း စတင်ရှာဖွေနေပြီး အဆိုပါ နေရာမှ လေယာဉ်ဘီးဟု ယူဆရသည့် တာယာကွင်းတစ်ခု၊ အမျိုးသားရုပ်အလောင်းတစ်လောင်း၊ အမျိုးသမီး ရုပ်အလောင်း တစ်လောင်း၊ ကလေး ရုပ်အလောင်းတစ်လောင်းနှင့် အသက်ကယ်အင်္ကျ ီ ၂ ထည်၊ အဝတ်အစားထည့်သည့် အိတ်အချို့အား ဆယ်ယူရရှိခဲ့ပြီး  မနက်ပိုင်းတွင် အလောင်း ၃ လောင်းဆယ်ယူရရှိခဲ့သည်။

နံနက် ၁၁ နာရီခန့်တွင်  ဒေသခံငါးဖမ်းစက်လှေများကလည်း ရုပ် အလောင်း ၇ လောင်း ကို ဆယ်ယူရရှိပြီး တပ်မတော်စစ်ရေယာဉ်များထံသို့ လာရောက်ပို့ဆောင် ပေးခဲ့သည်။ ထို့ကြောင့် နေ့လည်အချိန်အထိ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ် အလောင်း ၅ လောင်းနှင့် ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်း ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါလေယာဉ်တွင် ခရီးသည် ၊ လေယာဉ်အမှုထမ်းစုစုပေါင်း ၁၂၂ ဦး လိုက်ပါလာပြီး ကလေး ၁၅ ဦး အပါအဝင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly