သတင်းလွတ်လပ်ခွင့်အတွက် လက်ပတ်ဖြူလှုပ်ရှားမှု ၁၀ ရက်ကြာ ပြုလုပ်မည်

သတင်းလွတ်လပ်ခွင့်အတွက် လက်ပတ်ဖြူလှုပ်ရှားမှု ၁၀ ရက်ကြာ ပြုလုပ်မည်

ရန်ကုန်၊ ဇွန် ၈ ။              ။ သတင်းလွတ်လပ်ခွင့်အတွက်  လက်ပတ်ဖြူလှုပ်ရှားမှုတစ်ခုကို ယနေ့ ဇွန်လ ၈ ရက်၊ နံနက် ၈နာရီမှ စတင်ပြီး ရွှေဂုံတိုင်မြို့နယ် ဗဟန်းတရားရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

ယင်း လက်ပတ်ဖြူလှုပ်ရှားမှုတွင် အဆင့် သုံးဆင့်ပါဝင်သည်ဟု သိရပြီး ပထမအဆင့်အဖြစ် ကျည်ထောင်စုသစ္စာဆိုသည့် သရော်စာကို ရေးသားထုတ်ဝေသည့် The Voice အယ်ဒီတာ ကိုကျော်မင်းဆွေနှင့်ဗြိတိသျှကိုကိုမောင်တို့ကို ရုံးထုတ်သည့်အချိန်မှစတင်ပြီး သတင်းမီဒီယာသမား အင်အား ၁၀၀ ခန့်က လက်ပတ်ဖြူများပတ်ပြီး သတင်းယူကြခဲ့သည်။

ထို တရားရုံးမှတစ်ဆင့်  The Voice ရုံးချုပ်သို့ မီဒီယာသမားများက လက်ပတ်ဖြူဝတ်ဆင်ကာ လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှု ဖြစ်သော လက်ပတ်ဖြူလှုပ်ရှားမှုကို ၁၀ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ယနေ့ ဇွန်လ ၈ ရက်မှစတင်မည် ဖြစ်သည်။ The Voice သတင်းစာတွင်  ဗြိတိသျှကိုကိုမောင်ရေးသားသော ကျည်ထောင်စုသစ္စာသရော်စာဆောင်းပါး အပေါ် တပ်မတော်က ပုဒ်မ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် The Voice အမှု ရုံးထုတ်ရက်မှ စတင်ကာ သတင်းလွတ်လပ်ခွင့်အတွက် သတင်းထောက်များက လက်ပတ်ဖြူကမ်ပိန်း စတင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

လှုပ်ရှားမှု ပြုလုပ်စဉ် ၁၀ရက်အတွင်း တစ်နိုင်ငံလုံးမှ သတင်းထောက်များသည် လက်ပတ်ဖြူများပတ်ကာ သတင်းရယူကြရန် စီစဉ်ထားသည်ဟု ဦးဆောင်ကော်မတီထံမှ သိရသည်။

ထိုမှ ဒုတိယအဆင့်အဖြစ် ပြည်သူများနှင့် သတင်းထောက်များကို မေးမြန်းကာ ၆၆(ဃ)ဆန့်ကျင်ရေး လက်မှတ်ကမ်ပိန်းတစ်ခု ပြုလုပ်ပြီး တတိယအဆင့်ကိုတော့ ဆွေးနွေးနေဆဲဟု ကော်မတီတွင် ပါဝင်သူ သတင်းထောက် မသူဇာက ပြောပါတယ်။

ယနေ့ ဇွန်လ ၈ ရက်တွင် လက်ပတ်ဖြူကမ်ပိန်းကို ရန်ကုန်တွင်သာမက မန္တလေးမြို့အခြေစိုက် သတင်းသမားများကလည်း  ယနေ့မနက်ကစတင်ပြီး လက်ပတ်ဖြူလှုပ်ရှားမှုများ စတင်ခဲ့သည်။

အစိုးရသစ်တက်လာပြီးနောက် လက်ရှိအချိန်ထိ ပုဒ်မ၆၆(ဃ)ဖြင့် တရားစွဲဆိုမှုပေါင်း ၆၈ ခု အထိ ရှိနေပြီး အဆိုပါ အမှုများထဲတွင် တပ်မတော်က တရားစွဲဆိုခဲ့သည့်အမှု ၇ ခု ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly