တနိုင်းနှင့် ဖားကန့်လမ်းများတွင် ညအချိန် သွားလာခြင်း မပြုရန် KIO သတိပေးစာထုုတ်

တနိုင်းနှင့် ဖားကန့်လမ်းများတွင် ညအချိန် သွားလာခြင်း မပြုရန် KIO သတိပေးစာထုုတ်

ချင်းမိုင်၊ဇွန်လ ၈  ။            ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ခရီးသွားလာနေသော မော်တော်ယာဉ်များနှင့် ခရီးသွား ပြည်သူများအား ည ၇ နာရီနောက်ပိုင်း ခရီးသွားလာခြင်း မပြုရန် KIO က သတိပေးစာ ထုတ်ပြန်လိုက်သည်။

လက်ရှိ ဖြစ်ပွားနေသော စစ်ရေးအခြေအနေကြောင့် မိုးကောင်း-ကားမိုင်းလမ်း၊ လဝါး-ကားမိုင်းလမ်း၊ ကားမိုင်း-ဖားကန့်လမ်း၊ ဝှေ့ခါ-ဖားကန့်လမ်းများတွင် ဇွန်လ ၁၀ ရက်နေ့မှစတင်၍ နံနက် ၆ နာရီမှ ည ၇ နာရီအတွင်း ခရီးသွားလာခြင်း အချိန်ကန့်သတ်လိုက်သည်ဟု KIA တပ်မတော် ၂ လက်အောက်ခံ တပ်ရင်း ၆ မှ ဇွန်လ ၇ ရက်နေ့တွင် အသိပေးစာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကေအိုင်အေ တပ်ရင်း ၁၄ ဘက်မှာ အခုတလော စစ်ရေးအခြေအနေက တင်းမာနေလို့၊ တိုက်ပွဲတွေ ဖြစ်နေလို့ ပြည်သူလူထုရဲ့ လုံခြုံရေးကို ရှေးရှုပြီးမှ အဲဒီလမ်းတကြော အားလုံး ပိတ်ပင်တာတော့ မဟုတ်ဘူး။ ညအချိန်မှာ သွားလာဖြတ်သန်းတာတွေ မပြုလုပ်ဖို့ သတိပေးတာပါ”ဟု KIO မှ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

အဆိုပါ လမ်းများပေါ်တွင် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရန်၊ သတ်မှတ်ချိန်ကို ကျော်လွန်ပြီး ခရီးသွားလာခြင်းကြောင့် ဖြစ်ပေါ်လာသော မည်သည့် ကိစ္စရပ်များကို မဆို မိမိတို့ တပ်ရင်း ၆မှ တာဝန်ခံမည် မဟုတ်ကြောင်းနှင့် လိုက်နာခြင်း မရှိပေါက မော်တော်ယာဉ်အသင်းနှင့် ယာဉ်မောင်းများ၏ တာဝန်သာ ဖြစ်ကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ ဒေသအတွင်း တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာသည့် အခြေအနေ ရှိသည်ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တပ်ရင်း ၁၄ နယ်မြေဘက်မှာ တပ်မတော်က ထိုးစစ်ဆင်တာ မရုတ်သေးလို့၊ အားလုံးက တိုက်ပွဲဝင်အသင့်နဲ့ နေရာယူထားတယ်ဆိုတော့ အချိန်မရွေး တိုက်ပွဲက ကြီးလာနိုင်တဲ့အနေအထား ဖြစ်ပါတယ်”ဟု ပြောသည်။  

အလားတူ ယခုရက်ပိုင်းအတွင်းမှာ တနိုင်းမြို့နယ် ရွှေ၊ ပယင်းမှော်များသည် တပ်မတော်မှ နယ်မြေရှင်းလင်းခြင်းလုပ်ဆောင်သွားရန် ရှိသဖြင့် ၎င်းမှော်များအတွင်း နေထိုင်နေသော ဒေသခံ ပြည်သူများနှင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားအပြီး ထွက်ခွာပေးရန် တပ်မတော်မှ စာများ လေယာဉ်ဖြင့် ကျဲချ၍ အသိပေးခဲ့သည်။

ဇွန်လ ၄ ရက်နေ့ ညက တနိုင်းမြို့နယ် ကောင်းခါးကျေးရွာအတွင်းရှိ နေအိမ်အတွင်း လက်နက်ကြီး ကျရောက်ခဲ့သဖြင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဒေသခံ ရွာသားများနှင့် ပယင်းမှော်များအတွင်း အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများ ရာနှင့်ချီ တိမ်းရှောင်နေရပြီ ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေသော တနိုင်းမြို့နယ်အတွင်းရှိ လမ်းမများပေါ်တွင် တပ်မတော်မှ နေရာယူထားသဖြင့် ဒေသခံများ ရေလမ်းကြောင်းဖြင့် ထွက်ပြေးလာသူ ၄၀၀ ကျော်ကို ဇွန်လ ၆ ရက်နေ့က တနိုင်းမြို့ ဘာသာရေးအဖွဲ့အစည်းများက သွားရောက် ခေါ်ယူခဲ့ရသည်။

ယမန်နေ့က ဘာသာရေးအဖွဲ့အစည်းများ သွားရောက် ခေါ်ယူရန် ခွင့်ပြုချက်မရသဖြင့် စစ်ရှောင် ၁၀၀၀ ကျော်မှာလည်း လမ်းခရီးတွင် သောင်တင်နေဆဲဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly