နိပေါ၏ မိန်းမဆန့်ကျင်သည့် ဖွဲ့စည်းပုံဥပဒေအပေါ် စိုးရိမ်မှုများထွက်ပေါ်

နိပေါ၏ မိန်းမဆန့်ကျင်သည့် ဖွဲ့စည်းပုံဥပဒေအပေါ် စိုးရိမ်မှုများထွက်ပေါ်

ခတ်မဒူ၊ သြဂုတ်-၃ ။        ။ နိပေါနိုင်ငံ၏ အဆိုပြုထားသော ဖွဲ့စည်းပုံဥပဒေအသစ်မှာ ၎င်းတို့၏ နိုင်ငံသားဖြစ်မှု၊ ပိုင်ဆိုင်မှုနှင့် အခြားအခွင့်အရေးများကို ရာစုနှစ်များစွာ မညီမျှမှု၏ သြဇာအောက်တွင် စည်းခြားရန် ပုံစံထုတ်ထားသော ဥပဒေဖြင့် တားမြစ်ပိတ်ပင်ထားသည်ဟုဆိုကာ အမျိုးသမီးထုကြားတွင် ဒေါသထွက်ခဲ့ကြသည်ဟု ဆိုသည်။

လူပေါင်း ၈၈၀၀ကျော် သေဆုံးခဲ့ရသည့် မတ်လငလျင်က စေ့စပ်ညှိနှိုင်းရန် တွန်းပို့မှုအရ အငြင်းပွားနေခဲ့သည့် နိုင်ငံရေးပါတီများမှာ ကာလကြာမြင့်စွာ စောင့်မျှော်နေခဲ့ရသည့် ဖွဲ့စည်းပုံဥပဒေအပေါ်တွင် သမိုင်းဝင်သဘောတူညီချက် ရရှိသွားခဲ့သည့်အတွက် လွှတ်တော်အမတ်များက ပြီးခဲ့သည့်လက ဥပဒေကြမ်းကို ပါလီမန်သို့ တင်သွင်းခဲ့ကြသည်ဟု ဆိုသည်။

သို့ရာတွင် အကြမ်းဖက်ဆန္ဒပြမှုများ ရံဖန်ရံခါဖြစ်ပွားတတ်သည့် ဆင်းရဲမွဲတေလှသည့် ဟိမဝန္တာနိုင်ငံတွင် ယခုဖွဲ့စည်းပုံဥပဒေမှာ အဓိကကျသည့် ပြဿနာများကို မခြုံငုံမိဟုလည်း တက်ကြွလှုပ်ရှား သူများ က ဝေဖန်နေကြသည်။

အသက်၄၀အရွယ် ဈေးဆိုင်ပိုင်ရှင် ရာမ ဘစ်တာကမူ ကာလအဆက်ဆက် ယောကျ်ားကိုသာ ဦးစားပေးသော အလေ့အထရှိခဲ့သည့် နိုင်ငံတွင် ယခု ဖွဲ့စည်းပုံမှာလည်း မိန်းမများအတွက်မူ ကြီးမား သည့် နောက်ပြန်ဆွဲမှုတစ်ခုပင် ဖြစ်သည်ဟုဆိုသည်။

နိပေါအခြေစိုက် အိန္ဒိယလူမျိုးတစ်ဦးကို လက်ထပ်ခဲ့သည့် ဘစ်တာမှာ ပြီးခဲ့သည့် လေးနှစ်လုံးလုံးတွင် သားနှစ်ယောက် နိုင်ငံသားဖြစ်ခွင့်ရရေးအတွက် လုံးပန်းနေခဲ့ရရာ၊ လက်ရှိဖွဲ့စည်းပုံဥပဒေအရ အတားအဆီးဖြစ်နေခဲ့သည်။

''သူတို့ ကျွန်မကို ပြောတာတွေကို ပြောမပြတတ်နိုင်အောင်ပါပဲ။ ကျွန်မကလေးနှစ်ယောက်က နိပေါလူမျိုးမဟုတ်လို့ ယောကျာ်းရဲ့နိုင်ငံကိုသာ လိုက်သွားသင့်တယ်လို့ သူတို့က ကျွန်မကိုပြောတယ်''ဟု ဘစ်တာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

သို့ရာတွင် ယခုဖွဲ့စည်းပုံဥပဒေအသစ်က မိဘတစ်ပါးတည်းအနေဖြင့် ၎င်းတို့၏ နိုင်ငံသားအဖြစ်ကို ကလေးများထံသို့ ကူးပြောင်းဆက်ခံခွင့်မရှိဘဲ၊ မိဘနှစ်ပါးစလုံးက နိပေါနိုင်ငံသားများဖြစ်ရမည်ဟု ဆိုသောကြောင့် ဘစ်တာ၏ အခက်တွေ့နေသော ရုန်းကန်မှုမှာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားတော့သည်။ ယခုဖွဲ့စည်းပုံဥပဒေအသစ်က မိဘတစ်ယောက်က နိပေါနိုင်ငံသားဖြစ်နေသရွေ့ ကလေးများ နိုင်ငံသားဖြစ်ခွင့်ရှိသည့် ၂၀၀၆ခုနှစ် အက်ဥပဒေကို ပြောင်းပြန်လှန်လိုက်ခြင်းပင်ဖြစ်သည်။

ယခုဖွဲ့စည်းပုံဥပဒေအသစ်က ပြည်သူလူထုတစ်သန်းကို နိုင်ငံမဲ့ဖြစ်သွားစေပြီး၊ နိပေါနိုင်ငံတွင် တစ်ပါးတည်းမိဘအများစုဖြစ်သည့် အမျိုးသမီးများကိုလည်း တစ်ဖက်စောင်းနင်း ထိခိုက်နစ်နာစေသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားကြသည်။

နိပေါနိုင်ငံတွင် ယာဉ်မောင်းလိုင်စင်မှစ၍ ဘဏ်ငွေစာရင်းဖွင့်သည်အထိ နိုင်ငံသားမှတ်ပုံတင်လိုအပ်ရာ ဘစ်တာမှာ သားများ၏အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြနေရသည်ဟုဆိုသည်။

ယခုဖွဲ့စည်းပုံဥပဒေအသစ်အရ နိပေါယောကျ်ားများအတွက် ၎င်းတို့၏ နိုင်ငံခြားသူဇနီးသည်ကို နိုင်ငံသားဖြစ်ခွင့်လွှဲပြောင်းပေးရန် လွယ်ကူနေပြီး နိပေါမိန်းမများအတွက်မူ နိုင်ငံသားဖြစ် ခွင့်လျှောက် ထားနိုင်ရန် နိုင်ငံခြားသားယောကျ်ားနှင့် လက်ထပ်သက်တမ်း အနည်းဆုံး ၁၅နှစ် ရှိရမည်ဖြစ်သည်။

သေဆုံးသူက သေတမ်းစာဖြင့် လွှဲပြောင်းပေးခဲ့ခြင်းမရှိပါက နိပေါဇနီးသည်များ (သို့မဟုတ်)မုဆိုးမများ၏ ပိုင်ဆိုင်မှုအမွေခံခွင့်ကို တားဆီးရာတွင် ဤဥပဒေကို အသုံးပြုလာနိုင်သည်ဟုလည်း တက်ကြွ လှုပ်ရှုားသူများက စိုးရိမ်နေကြသည်။

မိဘဘိုးဘွားပိုင်ပစ္စည်းကို သမီးများက အမွေဆက်ခံနိုင်သည်ဟု အတိကျဖော်ပြရမည့်အစား ဥပဒေက ကလးအားလုံးဟု ဝေေ၀ဝါးဝါးသာ ပြောကြားထားသောကြောင့် နိုင်ငံ၏ အရပ်သားကိုဒဥပဒေပါ အသုံးအနှုန်းအရ သားများနှင့် လက်မထပ်ရသေးသည့် သမီးများဟုသာ အဓိပ္ပာယ်ဖွင့်ဆိုကြမည်ကို တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေကြသည်ဟုဆိုသည်။  

''ဒီဥပဒေအသစ်က မိန်းမတစ်ယောက်ရဲ့ ဝိသေသဂုဏ်ရည်ကို လျစ်လျူရှုထားပြီး ခွဲခြားဆက်ဆံတဲ့ အဖကြီးစိုးတဲ့ အယူအဆကိုသာ ထင်ဟပ်ထားတယ်''ဟုလည်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဆပနာ ပရာဒန် မာလာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly