ရေကြီးမှုများကြောင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်သည့်ရက် သြဂုတ် ၁၄ အထိ ထပ်တိုး

ရေကြီးမှုများကြောင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်သည့်ရက် သြဂုတ် ၁၄ အထိ ထပ်တိုး

ရန်ကုန်၊ သြဂုတ် ၃ ။         ။ လာမည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ တင်သွင်းလွှာ ရုတ်သိမ်းခြင်းနှင့် ကိုယ်စားလှယ်လောင်း စီစစ်ခြင်းတို့အတွက် ရက်များထပ်တိုး သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာနိုင်ငံ တဝှမ်းလုံး ရေကြီးရေလျှံမှုများနှင့် မြေပြိုမှု သဘာဝ ဘေးအန္တရာယ်များကြောင့် လည်းကောင်း၊ နိုင်ငံရေးပါတီ အချို့၏ တင်ပြချက်များကြောင့် လည်းကောင်း ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင် းခြင်း၊ စီစစ်ခြင်း၊ ရုတ်သိမ်းခြင်းတို့ကို ပြင်ဆင် သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

နိုင်ငံရေးပါတီအချို့၏ တင်ပြချက်များကြောင့်လည်း ပြောင်းလဲရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ဖော်ပြသည်။ ရာသီဥတုဆိုးရွားနေသဖြင့် အခက်အခဲများဖြစ်နေသဖြင့် "အနည်းဆုံး နောက်ထပ် ၁၀ ရက်" ထပ်တိုးပေးရန် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက သြဂုတ်လ ၁ ရက်နေ့၌ တင်ပြခဲ့သေးသည်။

ကိုယ်စားလှယ်လောင်းအမည်များ စာရင်း တင်သွင်းရမည့် ရက်ကို နောက်ထပ် ၆ ရက်ထပ်တိုးလိုက်ပြီး သြဂုတ်လ ၁၄ ရက်နေ့ကို သတ်မှတ်လိုက်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်က ထုတ်ပြန်သည်။ ယခင်က ဇူလိုင် ၂၀ မှ သြဂုတ်လ ၈ ရက်အတွင်း သတ်မှတ်ခဲ့သည်။

မိမိဆန္ဒအလျောက် ပြန်လည်ရုတ်သိမ်းနိုင်ရန်အတွက်လည်း သြဂုတ်လ ၉ ရက်နေ့မှ သြဂုတ် ၁၁ ရက်အတွင်း ၃ ရက် အချိန်ရခဲ့သည်။ ယခု သြဂုတ် ၁၇ ရက်နေ့အထိ တိုးလိုက်သဖြင့် ၆ ရက်ထပ်တိုးလာသည်။

တင်သွင်းလွှာများကို စိစစ်မည့်နေ့ရက်အား ယခင်က သြဂုတ် ၁၂ ရက်မှ ၂၁ ရက်ထိ ၁၀ ရက် သတ်မှတ်ထားပြီး ယခု သြဂုတ် ၁၈ မှ ၂၇ အထိ ရွှေ့လိုက်သော်လည်း စိစစ်ရန် အချိန်ယူသည့်ရက်မှာမူ အတူတူပင်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အင်တာနက်စာမျက်နှာ၌ ဇူလိုင်လ ၂၀ မှ သြဂုတ် ၁ ရက်နေ့အထိ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းသူ စုစုပေါင်း ၆၈၆ ဦးရှိပြီဟု ဖော်ပြထားသည်။

ယင်းအပြင် အမည်စာရင်း တင်သွင်းရန် သွားလာရေး အခက်အခဲရှိသော ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အကူအညီတောင်းခံနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly