တနိုင်းမြို့နယ်အတွင်း မှော်များတွင်နေထိုင်သူများ ၁၅ ရက်အတွင်းရွှေ့ပြောင်းရန် တပ်မတော်က လေယာဉ်ဖြင့် စာများကျဲချ

တနိုင်းမြို့နယ်အတွင်း မှော်များတွင်နေထိုင်သူများ ၁၅ ရက်အတွင်းရွှေ့ပြောင်းရန် တပ်မတော်က လေယာဉ်ဖြင့် စာများကျဲချ

ချင်းမိုင်၊ ဇွန် ၇ ။               ။ တနိုင်းမြို့နယ်အတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းမည်ဖြစ်၍ ရွှေမှော်၊ ပယင်းမှော်များတွင် နေထိုင်နေသူများအား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန် စာများဖြန့်ဝေထားသည်ဟု ယင်းဒေသတွင် နေထိုင်သူများထံမှ သိရသည်။

“တိုက်ပွဲတော့ ပုံမှန်ဖြစ်နေတယ်လို့ သတင်းရတယ်။ စာတစောင်လည်း ပြန့်နေတယ်။ ဘယ်သူက ဖြန့်လည်းတော့ မသိဘူး။ လေယဉ်နဲ့လာချသွားတယ်လို့လည်း ပြောကြတယ်။ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဖို့ စာမှာက ရွှေမှော်၊ ပယင်းမှော်အပြင် ဒီဒေသမှာနေတဲ့ လူတွေ အားလုံး ၁၅ ရက်မရောက်ခင် အမြန်ထွက်သွားဖို့ပါတယ်။ မထွက်ဘူးဆိုရင် ကေအိုင်အေနဲ့ ဆက်သွယ်တဲ့လူတွေဆိုပြီး သတ်မှတ်မယ်။ လူထုထိခိုက်မှုမရှိစေဖို့အတွက်ဆိုပြီး ရေးထားတယ်”ဟု တနိုင်းဒေသခံ ဓမ္မဆရာ ဦးနော်တောင်က မဇ္ဈိမကို ပြောသည်။

နယ်မြေရှင်းလင်းရေးတွင် ပြည်သူလူထုအား ထိခိုက်သေဆုံးမှု မရှိစေရန် အမြန်ဆုံးထွက်ခွာသွားရန်နှင့် ထွက်ခွာခြင်း မရှိပါကKIA နှင့် ဆက်သွယ်သူများဖြစ်သည်ဟု သတ်မှတ်မည်ဟု စာတွင် ရေးသားထားသည်ဟု သူက ပြောသည်။

အဆိုပါ နယ်မြေရှင်းရန် သတိပေးစာများကို ဇွန်လ ၅ရက်က ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၄ ရက်ည သန်ခေါင်းယံအချိန်ကလည်း လက်နက်ကြီး ကျရောက်၍ လူ ၃ ဦး ဒဏ်ရာရရှိခဲ့သော ကောင်ရာ ကျေးရွာသားများနှင့် မှော်အတွင်းမှ ဒေသခံ ၁၀၀ ခန့် သည် တနိုင်းမြိ့ု့ ပေါ်ရှိ ကက်သလစ်အသင်းတော်နှင့် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းများတွင် လာရောက် ခိုလှုံနေသည်ဟု သူက ဆက်ပြောသည်။

ဇွန်လ ၅ ရက်နေ့မှစတင်၍ တနိုင်းမြို့နယ် အင်ဂါးဂါ၊ နမ်ခမ်၊ လပိုခ၊ ဆွတ်ငိုင်ယန်စသည့် ကျေးရွာများမှ တိမ်းရှောင်လာသူများ လမ်းခရီးတွင် တောင်တင်နေသူများကို ယနေ့ တနိုင်းမြို့ မှ ဘာသာပေါင်းစုံမှ ဖွဲ့စည်းထားသော စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီက အဆိုပါ စစ်ပြေးဒုက္ခသည်များကို သွားရောက် ခေါ်ယူနေပြီဟုဆိုသည်။

“တနိုင်းက ဘာသာပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခသည်များ ကူညီရေးကော်မတီကနေ ဒီမနက် စက်လှေ ၁၂ စီးနဲ့ သွားကြိုနေကြပြီ။ ခုထိတော့ ပြန်မရောက်လာသေးဘူး။ တနိုင်းမြစ် ရေလမ်းကြောင်းကနေ သွားကြိုတာ။ ၄၀၀၊ ၅၀၀ လောက်ရှိပြီ”ဟု ဦးနော်တောင်က ပြောသည်။

တနိုင်းမြို့နယ်အတွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသော်လည်း အသေးစိတ်သတင်းများ မရရှိသေးကြောင်းနှင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်ဟူသော လေယာဉ်ပေါ်မှ ပစ်ချသွားသောစာများ ပြန်နှံ့နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်သတင်းများ ကြားသိရသည်ဟု KIA ဘက်မှ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဇွန်လ ၃ ရက်နေ့မှစတင်၍ တပ်မတော်ဘက်မှ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly