ပရောဂကုသရာမှ ကလေးငယ်သုံးဦးသေဆုံးအမှု အပြီးသတ်အမိန့်ချရန် ထပ်မံရက်ရွေ့ဆိုင်း

ပရောဂကုသရာမှ ကလေးငယ်သုံးဦးသေဆုံးအမှု အပြီးသတ်အမိန့်ချရန် ထပ်မံရက်ရွေ့ဆိုင်း

ရန်ကုန်၊ ဇွန် ၇ ။              ။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မကောင်းဆိုးဝါးများပူးကပ်နေသည်ဟုဆိုကာ ကုသရာမှ ကလေးငယ်သုံးဦးသေဆုံးခဲ့သည့်အမှုအတွက် ပယောဂဆရာဆိုသူ ထွန်းနိုင်ကို အပြီးသတ်အမိန့်ချမည့်ရက်ကို သန်လျင်မြို့၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးမှ ထပ်မံရက်ရွှေ့ဆိုင်းလိုက်သည်။

အဆိုပါအမှုအား ဇွန်လ ၇ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ရန် သတ်မှတ်ချိန်းဆိုခဲ့သော်လည်း အမှုမှာ အလွယ်တကူဆုံးဖြတ်ရန်ခက်ခဲသဖြင့် လာမည့် ဇွန်လ ၂ဝ ရက်ကို ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း တောင်ပိုင်းခရိုင်တရားရုံး ဒုခရိုင်တရားသူကြီးဒေါ်မေသက်ဦးက ပြောသည်။

"ဒီအမှုတွေက အလွယ်တကူအမိန့်ချလို့မရဘူး။ သေချာစိစစ်နေရတဲ့အမှုကြီးဖြစ်နေတယ်။ ဒါကြောင့် လမယ့် ၂ဝ ရက်နေ့ကို အပြီးသတ်အမိန့်ချဖို့အတွက် ထပ်ပြီး ချိန်းဆိုလိုက်တာ ဖြစ်ပါတယ်"ဟု   ဒေါ်မေသက်ဦးပြောသည်။

အဆိုပါ ပယောဂ ကုစားရာ ကလေးငယ်များ သေစေခဲ့ ခြင်းအမှုဖြစ်စဉ်ကို လူသတ်မှု၊ အလောင်းဖျောက်မှုအပြင် ဖူးရောင်နာကျင်စေမှုတို့ဖြင့် တွံတေးမြို့မရဲစခန်း ပထမသတင်းပေးတိုင်တန်းချက်မှတ်တမ်း (ပ)၆၄၂/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁/၃၂၃ ဖြင့် အမှုဖွင့်ကာ တရားလိုအမှုစစ်အရာရှိ တွံတေးမြို့မ ရဲစခန်းမှူးမှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ခရိုင်တရားရုံး အမှုအမှတ် ရာဇဝတ်ကြီး ၇၆/၂၀၁၆ ဖြင့် တရားရင်ဆိုင်စွပ်စွဲခံရသူ ထွန်းနိုင်နှင့် တရားလိုပြ သက်သေ ၁၁ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်သည်။

မေ ၁၉ ရက်တွင် ပယောကုဆရာထွန်းနိုင်မှ တရားသူကြီးမင်း၏ စစ်ဆေးခြင်းအပေါ် ၎င်းက ကလေးငယ်များကို ပုစိန်ဖြင့်သော်လည်းကောင်း၊ ခြေလက်ဖြင့်သော်လည်းကောင်း ကန်ကြောက်ထုနှက်ရိုက်သတ်ခဲ့ခြင်းမရှိကြောင်း တရားခွင်၌ ငြင်းဆိုခဲ့ခြင်းများရှိသည်။

ပယောဂဆရာဆိုသူ ထွန်းနိုင်က မကောင်းဆိုးဝါးများနှင်ထုတ်သည်ဟုဆိုကာ ကလေးငယ်များအား ကန်ကျောက်ခြင်း၊ လက်သီးနှင့်ထိုးခြင်း၊ ဖနှောင့်ပေါက်ခြင်းများပြုလုပ်ခဲ့၍ အသက် ၃ နှစ်အရွယ် မောင်နေလင်း(ခ)တစ်တို၊ အသက် ၂ နှစ်အရွယ် မလှနှင်းရွှေနှင့် အသက် ၈ လအရွယ် မယမင်းတို့မှာ သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် မသင်းသင်းစိုးမှာ ဖူးရောင်ညိုမဲဒဏ်ရာများရရှိခဲ့သည်ဟုဆိုကာ ပြစ်မှုကျူး လွန်သူဟု ယူဆရသူ ထွန်းနိုင်ကို တွံတေးမြို့မရဲစခန်းမှ (ပ)၆၄၂/၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၅ ၊ ၂၀၁ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုစစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly