ဒေါ်အောင်ဆန်းစုကြည် ဖက်ဒရယ်စနစ်လေ့လာရေးနှင့်ဆွေးနွေးပွဲ တက်ရောက်

ဒေါ်အောင်ဆန်းစုကြည် ဖက်ဒရယ်စနစ်လေ့လာရေးနှင့်ဆွေးနွေးပွဲ တက်ရောက်
ဓာတ်ပုံ-သတင်းစဉ်

ဇွန်လ ၇ ရက် ။               ။ ကနေဒါနိုင်ငံတွင် တရားဝင်ခရီးရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၆ ရက် ၊ဒေသစံတော်ချိန် ၁၃း၃၀ နာရီမှ ၁ရး၃၀ နာရီအထိ အော်တာဝါမြို့ Andaz Ottawa Market Hotel ၌ Forum of Federations  မှ စီစဉ်သည့် ကနေဒါနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ဖက်ဒရယ်စနစ်လေ့လာရေးနှင့်   ဆွေးနွေးပွဲ တက်ရောက်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါဆွေးနွေးပွဲတွင် ကနေဒါနိုင်ငံ တရားရေးမဏ္ဍိုင်၏ အခန်းကဏ္ဍနှင့် အစိုးရ အဖွဲ့အစည်းများအကြား ဆက်ဆံရေးမှ တစ်ဆင့် ဖက်ဒရယ်စနစ်၊ လူမှုရေးဆိုင်ရာ မူဝါဒများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ်အကျိုးသက်ရောက်မှုများ နှင့်စပ်လျဉ်းပြီး  ကနေဒါနိုင်ငံမှ ဘာသာရပ် ကျွမ်းကျင်ပညာရှင်များ၏ ပို့ချဆွေးနွေးမှုသို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်ခဲ့သည်။

ကနေဒါတွင် ပြုလုပ်နေသော အဆိုပါ လေ့လာရေးနှင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သမ္မတရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊   ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊   မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိသည်။

Forum of Federations သည် ကနေဒါနိုင်ငံ အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်၍ စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး  အစိုးရနှင့် လွှတ်တော် တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာနှင့် အရပ်ဘက် လူအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ဖက်ဒရယ်စနစ် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို စီစဉ်ကျင်းပပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျက်စတင် ထရူးဒိုးနှင့် ဆွီဒင်လွှတ်တော် ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန် အာလင်းနှင့် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန်တို့၏ ဖိတ်ကြားချက်များအရ ကနေဒါနှင့် ဆွီဒင်နိုင်ငံများသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် ဇွန်လ ၄ ရက်၊ ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာသွားခြင်း ဖြစ်သည်။

ဇွန်လ ၇ ရက်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျက်စတင် ထရူးဒိုးတို့ တွေ့ဆုံမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly