နိုတရီဒမ်းဘုရားကျောင်း၌ တိုက်ခိုက်ရန်ကြိုးပမ်းခဲ့သော အမျိုးသားတစ်ဦးကို ပဲရစ်ရဲအရာရှိ သေနတ်ဖြင့်ပစ်

နိုတရီဒမ်းဘုရားကျောင်း၌ တိုက်ခိုက်ရန်ကြိုးပမ်းခဲ့သော အမျိုးသားတစ်ဦးကို ပဲရစ်ရဲအရာရှိ သေနတ်ဖြင့်ပစ်

ပဲရစ်၊ ဇွန် ၆ ။                ။ နိုတရီဒမ်းဘုရားကျောင်း အဆောက်အဦးအပြင်ဘက်ရှိ ရင်ပြင်၌ ရဲအရာရှိတစ်ဦးကို တူတစ်ချောင်းဖြင့်တိုက် ခိုက်ရန် ကြိုးပမ်းခဲ့သော အမျိုးသားတစ်ဦးကို ထိုအရာရှိက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ထို့နောက်တွင် ပဲရစ်ရဲတပ် ဖွဲ့က ပြည်သူများကို ဘုရားကျောင်းနှင့် ခပ်ဝေးဝေးနေကြရန် အင်္ဂါနေ့က သတိပေးခဲ့သည်။

ရဲတပ်ဖွဲ့၏အဆိုအရ တိုက်ခိုက်ခံရသော ရဲအရာရှိသည် ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်ခဲ့သူ အမျိုးသားမှာလည်း သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နိုတရီဒမ်း ဧရီယာတစ်ဝိုက်မှာ အခြေအနေများကို ထိန်းချုပ်ထားပါတယ်။ ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ် တိုက်ခိုက်ခဲ့သူလည်း ဒဏ်ရာရရှိခဲ့ပြီး သူ့ကို ဆေးရုံသို့ပို့ဆောင်ထားပါတယ်” ဟု ရဲတပ်ဖွဲ့မှ ၎င်းတို့၏ တွစ်တာ အကောင့်၌ ရေးသားခဲ့သည်။

တိုက်ခိုက်မှုနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း ပြင်သစ်၏ အကြမ်းဖက်တန်ပြန်စစ်ဆင် ရေး အစိုးရရှေ့နေရုံးမှ ပြောခဲ့သည်။

မီဒီယာများ၏ အဆိုအရ ရဲတပ်ဖွဲ့သည် ပဲရစ်မြို့လယ်ခေါင်ရှိ နိုတရီဒမ်း ဘုရားကျောင်းအနီးတဝိုက်တွင် လုံခြုံရေးများကို အင်အားအပြည့်ချထားကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်၌ ဘုရားကျောင်းသို့ အလည်အပတ်ရောက်ရှိနေသော စပိန်ခရီးသွားဧည့်သည်တစ်ဦးက လုံခြုံရေးတပ်ဖွဲ့များသည် အဆောက်အဦးတံခါးများကို ပိတ်၍ အထဲရှိ မည်သူ့ကိုမှ အပြင်ပေးမထွက်သလို အပြင်မှ သူများကိုလည်း အထဲပေးမဝင်ကြောင်း ပြောခဲ့သည်။

“ကျမတို့ သေနတ်ပစ်သံတွေ ကြားခဲ့ရပါတယ်။ ဒါပေမယ့် ကျမတို့က မိုးခြိမ်းသံလို့ပဲ ထင်ခဲ့ကြတာပါ” ဟု သူမ က ပြောကြားခဲ့ပြီး သူတို့သည် ဘုရားကျောင်းဝန်းထဲမှာပဲ ရှိနေဆဲဖြစ်ကြောင်းနှင့် အပြင်သို့ထွက်ခွာခွင့်ကို စောင့်ဆိုင်းနေကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly