ရာသီဥတု ဖောက်ပြန်မှုကို ရင်ဆိုင်အံတုခြင်း

ရာသီဥတု ဖောက်ပြန်မှုကို ရင်ဆိုင်အံတုခြင်း
မြစ်သားမြို့နယ်၊ တေစိုးကျေးရွာအုပ်စု၊ တင်စိုးရွာမှာ  မိုးရေလွှမ်းစိုက်ခင်းထဲက မပျက်စီးသေးတဲ့ နှမ်းပင်များကို ရွေးချယ် ရိတ်သိမ်းနေကြတဲ့ တောင်သူတချို့ (ဓာတ်ပုံ - ထက်ခေါင်လင်း/ Myanmar Now)

နှစ်စဉ် ရာသီဥတုဖျက်လို့ သီးနှံပျက်စီးရတာတွေ လျော့ကျသွားစေမယ့် နည်းလမ်းတချို့ရှိနေပါတယ်

မြစ်သား၊ ကျောက်ဆည် (Myanmar Now) ။          ။ အသားညိုညို၊ ပိန်ပိန်ပါးပါး ကိုတင်ဆွေဟာ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်က သူ့အိမ်ရှေ့ ခုံတန်းရှည်မှာ ထိုင်ပြီး ထုံးတို့ထားတဲ့ ကွမ်းရွက်ပေါ်ဆေးရွက်ကြီးနဲ့ ကွမ်းသီးစိတ်နည်းနည်း ထည့်လိုက်ပါတယ်။ 

အဲဒီနောက် ယာထားတဲ့ကွမ်းကို ပါးစောင်ထဲထည့်ငုံလိုက်ပြီးမှ သူ့ရဲ့စိုက်ပျိုးရေးလုပ်ငန်းအဖြစ် ဆိုးနဲ့ ကြုံရပြီးအရှုံးကြီးမားခဲ့ပုံကို ရှင်းပြပါတယ်။ ၁ဝ ဧကအကျယ်ရှိတဲ့ သူ့ရဲ့နှမ်းခင်းဟာ မိုးရာသီမ ရောက်ခင် ရက်အတန်ကြာရွာမိုးရွာတာနဲ့ ကြုံရအပြီး ရေလွှမ်းခံလိုက်ရတာပါ။ 

“ကျွန်တော်တို့ ရင်းခဲ့ရတာက ထယ်စက်မောင်းတာရော၊မျိုးဖိုးရောအားလုံးပေါင်းရင် တစ်ဧက ငါးသောင်းကျော်တယ်။ ဆယ်ဧကဆိုတော့ ငါးသိန်းကျော်တယ်” လို့ ကွမ်းငုံထားတဲ့ ကိုတင်ဆွေက အာလုပ်သံနဲ့ ခပ်ဖြည်းဖြည်းပြောလိုက်ပါတယ်။ အပြောင်းအလဲများလာတဲ့ ရာသီဥတုကြောင့် အချိန်အ ခါမဟုတ် မိုးရွာမှု၊ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေ အကြီးအကျယ် ဆုံးရှုံးနေရတယ်လို့ ကိုတင်ဆွေ အပါအဝင် မြန်မာပြည်အလယ်ပိုင်းမြစ်သား၊ ကျောက်ဆည်မြို့နယ်တွေက လယ်သမားများကဆိုပါတယ်။ ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဌာနရဲ့ မှတ်တမ်းတွေအရဆိုရင် မြို့နယ်အတွင်း နွေရာသီနှမ်း ၃၁,၆၅၂ ဧက စိုက်ပျိုးခဲ့ရာမှာ မိုးကြောင့် ထိခိုက်သွားတာ ဧက ၄,၈ဝဝ ကျော် ရှိခဲ့တာပါ။

စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဒေသတွင်းက တတ်ကျွမ်းနားလည်သူတို့ကတော့ ဖောက်ပြန်တဲ့ရာသီဥ တုကို အထိုက်အလျောက် အံတုရင်ဆိုင်နိုင်မယ့် နည်းလမ်းတွေ ရှိတဲ့အတွက် သတိထားလိုက်နာရင် ဆုံးရှုံးမှု နည်းပါးနိုင်တယ်လို့ ပြောကြပါတယ်။

စိုက်ပျိုးရေးဌာနရဲ့အထောက်အကူ

ဒီနှစ်ထဲတောင်သူတွေ စပါးအစား နှမ်းကိုပြောင်းလဲ စိုက်ပျိုးကြတဲ့အကြောင်းရင်းတွေထဲမှာ ပျိုးထောင်ရေ အချိန်မီမရတဲ့အချက်လည်း ပါဝင်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းကသုံးသပ်ပါတယ်။

“လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဆည်ရေကို များများမပေးနိုင်ခဲ့တော့ ဒီနှစ်လည်း ရေမမှန်ပါဘူးဆိုပြီး တောင်သူတွေက နှမ်းပဲစိုက်ကြရော။ ချိုင့်ကျလို့ နှစ်စဉ်ရေထိတဲ့နေရာတွေက တောင်   နှမ်းပဲစိုက်လိုက်ကြတာနဲ့ အခုလိုထိခိုက်ပျက်စီးအရမ်းများခဲ့တာ” လို့ ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ရဲ့လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကေသီအောင်ကတော့ ဟိုတုန်းကဒီဒေသမှာ နွေစပါးစိုက်ဧကနှစ်သောင်းကျော်၊ နွေနှမ်းဧကနှစ်သောင်းကျော်အထိ ဆည်ရေ ပေးဝေနိုင်ခဲ့တယ်၊ ရာသီဥတုကြောင့် ဆည်ရေမရရှိတော့တဲ့နောက်ပိုင်း နွေရာသီမှာ နွေစပါးဧက ခြောက်ထောင်ကျော်အထိပဲ ရေပေးဝေနိုင်တော့တယ်လို့ ဆိုပါတယ်။

ယခင်နှစ်ကဆိုရင်  နှမ်းခင်းအပြင်  ပဲတီစိမ်းစိုက်ခင်းတွေပါ ပျက်စီးတယ်၊ တောင်သူတွေကို မျိုးစေ့အခမဲ့ထောက်ပံ့ခဲ့ဖူးတယ်၊  ဒီနှစ်မှာလည်းလုံးဝပျက်စီးသွားတဲ့ စိုက်ဧရိယာပမာဏကိုအတိအကျ ကောက်ခံရရှိလာမယ်ဆိုရင် အထက်ကိုတင်ပြပြီးထောက်ပံ့ပေးမယ့် အစီအစဉ်တွေ ဖြစ်လာနိုင်တယ် လို့ ဒေါ်ကေသီအောင်က ပြောပါတယ်။

ထိခိုက်စာရင်းကိုအချိန်တိုအတွင်းရဖို့ မဖြစ်နိုင်ဘူးလို့ ကျောက်ဆည်၊ ပေါင်းလောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံငွေကပြောပါတယ်။   စိုက်ပျိုးရေးဌာနကို အစီရင်ခံရာမှာ ရွာနယ်နိမိတ်ထဲက လုံးဝ ပျက်စီးသွားရတဲ့ နှမ်းခင်းဧကစာရင်း အတိအကျ မထည့်သွင်းနိုင်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ရှင်းပြပါတယ်။

“သူတို့က ချက်ချင်းတင်ပါတဲ့၊ ရက်မစောင့်နိုင်ဘူးတဲ့၊ အဲ့ဒါနဲ့ သိသလောက်လေးစာရင်း လုပ်တင်လိုက်ရတာ” လို့ အုပ်ချုပ်ရေးမှူးကဆိုပါတယ်။ အုပ်ချုပ်ရေးမှူးပြောသလို သီးနှံပျက်စီးပေမယ့် ဌာနဆိုင်ရာရဲ့ အထောက်အပံ့မရသေးတဲ့ ကျေးရွာတွေရှိနေသေးတာကိုလည်း Myanmar Now ရဲ့ ကွင်းဆင်းလေ့လာမှုတွေမှာ တွေ့ရပါတယ်။

မြစ်သားမြို့နယ်၊ တေစိုးကျေးရွာကတောင်သူကို ဇော်နိုင်ကလည်း သူတို့ရွာကို ကူညီထောက် ပံ့မှု ရောက်မလာသေးဘူးလို့ ဆိုပါတယ်။ “ကောက်ဆိုလို့သာ ကျွန်တော်တို့လည်း စာရင်းပေးလိုက်ရ တာပါဗျ။ ကျွန်တော်တို့ တေစိုးရွာဆိုရင် နှစ်စဉ်တစ်သီးမဟုတ် တစ်သီးထိခိုက်နေကျပဲ။ တစ်ခါမှလည်း ဌာနဆိုင်ရာက ထောက်ပံ့ပေးတယ်ဆိုတာ မရခဲ့ဖူးပါဘူးဗျ။ တခြားနေရာတွေမှာရတယ်ဆိုတာတော့ ကြားမိတာပဲ” လို့ ကိုဇော်နိုင်က ပြောပါတယ်။ “အရင်နှစ်တွေကဆို တင်ဆိုရင်တောင် မတင်ဘူး။ ဒီနှစ်မှ တင်လိုက်တာ”

စိုက်ပျိုးနည်းစနစ်

ကျောက်ဆည်မြို့နယ်နဲ့၊ မြစ်သားမြို့နယ်ထဲကကျေးရွာတချို့မှာ နေထိုင်သူတွေကတော့ ကနေ့ အချိန်အထိ စိုက်ပျိုးရေးဌာနရဲ့ နည်းပညာပံ့ပိုးပေးမှုကိုမရရှိကြသေးဘူးလို့  ပြောပါတယ်၊ ကုမ္ပဏီတချို့ရဲ့ ပညာပေးဟောပြောပွဲ၊ နီးစပ်ရာစိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်တွေရဲ့ အကူအညီနဲ့ သာ စိုက်ပျိုးရေးဗဟုသုတတွေ ရနေကြတာလို့ ဆိုလာတဲ့ တောင်သူတွေထဲကတစ်ယောက်ကတော့ ကျောက်ဆည်၊ ပဲခင်းကျေးရွာသားကိုမောင်ရွှေပါပဲ။

"ကျွန်တော်တို့ စိုက်ခင်းတွေမှာ ဘာဖြစ်နေပြီဆိုတာကို အပင်နမူနာလေးယူပြီး ပိုးသတ်ဆေး ဆိုင်တွေကိုသွားပြ၊ သူတို့ကဘာဆေးသုံးပါ ဆိုပြီးညွှန်း၊ ဒါပဲရှိတာ”လို့ ကိုမောင်ရွှေကဆိုပါတယ်။

“ကျွန်တော့်နှမ်းခင်းတွေကကုန်းကျတဲ့အတွက် ဒီနှစ်မိုးများချိန် မပျက်စီးတဲ့အပြင် အထွက်နှုန်းတောင် မနှစ်ကထက် ပိုကောင်းမယ့် အခြေအနေရှိတယ်"

မေလအတွင်းတွေ့ရတာကတော့ နှမ်းခင်းတွေထဲမှာပက်ကျဲစိုက်နည်း၊ ဘောင်တန်းစိုက်နည်းနဲ့ ကြိုးတန်းစိုက်နည်းတွေကိုတစ်ရွာနဲ့တစ်ရွာမတူညီဘဲစိုက်ပျိုးနေကြခြင်းပါပဲ။ ဒီလိုဖြစ်နေတာက   တောင်သူရော၊ နည်းပညာထောက်ပံ့ပေးကြသူ နှစ်ဘက်လုံးမှာ အားနည်းချက်တွေရှိနေတာကြောင့် ဖြစ်ကြောင်းကျောက်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက သုံးသပ်ပြပါတယ်။

“စိုက်ပျိုးရေးဌာနက တောင်သူတွေကို စပါးဆိုလည်း သက်တမ်းအလိုက် မျိုးတွေ၊ ပေါင်းဆေး တွေနဲ့ စိုက်နည်းပညာပေးတယ်။ ခက်တာကတောင်သူတွေကမလာကြဘူး။ လာကြတဲ့တောင်သူတွေ ကလည်း ဟိုပွဲလည်းဒီလူ၊ ဒီပွဲလည်းဒီလူပဲလာကြသလိုဖြစ်နေတာ” လို့ လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

“ဝန်ထမ်းဆိုတာလည်း ခေါ်လို့ရသူကိုပဲ ထပ်ခေါ်တယ်။ မသိကြသေးတဲ့တောင်သူတွေရဲ့ နေရာအထိ စိုက်ပျိုးရေးဌာနကလည်း မသွားနိုင်။ တောင်သူတွေမှာလည်း ငါတို့ အထွက်တိုးနှုန်းတွေ က စိုက်နည်းပညာပေါ် မူတည်တယ်ဆိုတဲ့ အသိမရှိကြဘူး”  စိုက်ပျိုးရေးဌာနအရာရှိ ဒေါ်ကေသီ အောင်ကတော့ ဌာနအနေနဲ့ ရာသီအလိုက်၊ ရွာအနှံ့စိုက်ပျိုးရေး နည်းပညာပေးဆွေးနွေးပွဲတွေ လုပ်ပေ မယ့် တချို့တောင်သူတွေကလိုက်မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။

တချို့တောင်သူတွေကလည်း စိုက်ပျိုးရေးနည်းစနစ်တွေကို သိပေမယ့် လုပ်သားရှားပါး၊ ငွေကြေးအင်အား မတတ်နိုင်တဲ့ အခက်အခဲတွေ ရှိကြတယ်လို့ စိုက်ပျိုးရေးအရာရှိကပြောပါတယ်။

“လယ်ယာတွေထက် စက်ရုံတွေ၊ ဆိုင်တွေမှာဝင်လုပ်ကြတော့ လုပ်သားငှားဖို့ရှားလာတယ်။ အဲ့ဒီတော့ စိုက်နည်းပညာစိတ်ဝင်စားပေမယ့် တချို့တောင်သူတွေကလိုက်မလုပ်နိုင်ကြတော့ဘူး။ နည်းစနစ်တ ကျ စိုက်မယ်ဆိုရင် နှမ်းကတစ်ဧကကို ၂၆ တင်း၊ ၂၇ တင်းလောက်အထိထွက်ပါတယ်” လို့ ဒေါ်ကေသီအောင်က ရှင်းပြပါတယ်။

“ကျွန်မတို့ကမပေးတာမဟုတ်ဘူး။ ရာသီတိုင်းမှာရွာတိုင်းကို ဆွေးနွေးပွဲတွေလုပ်တယ်။ နှမ်းဆို လည်း ဘောင်နဲ့သေချာစိုက်မယ်၊ ရေသွင်း၊ ရေထုတ်မြောင်းတွေနဲ့ သေချာစိုက်မယ်ဆိုရင် နှမ်းကဒီ လောက် ပျက်စီးထိခိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် စာသင်သလိုပဲ၊လက်ခံတဲ့သူကရတယ်။ လက်မခံတဲ့ သူက မရဘူးပေါ့”

ထိခိုက်ပျက်စီးမှု များရတာကလည်း မြေအနေအထားနဲ့ စိုက်ပျိုးရေးနည်းစနစ်တွေပေါ် အများကြီး မူတည်တဲ့အတွက် စိုက်ပျိုးရေးဌာနအရာရှိများ၊ သင်တန်းနဲ့ဆွေးနွေးပွဲတွေ တက်ရောက် လေ့လာ ထားသူများနဲ့ တိုင်ပင်ပြီးလုပ်ကိုင်သင့်တယ်လို့ အကြံပြုလိုကြောင်းဒေါ်ကေသီအောင်ကပြောတယ်။

မြစ်သားကတောင်သူကိုဇော်နိုင်ကတော့ စိုက်ပျိုးရေးနည်းလမ်းဟောင်းကို ပစ်ပယ်ဖို့ ခက်ခဲနေသူပါ။

“ရေဒဏ်ခံနိုင်တဲ့သီးနှံ ပြောင်းစိုက်လို့တော့ တချို့ကပြောပါတယ်။ ကျွန်တော်တို့ကသာ ကိုယ်စိုက်မြဲစိုက်နေကြကိုပဲစိုက်ကြတာ”လို့ ကိုဇော်နိုင်ကပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းကလာမယ့်နှစ်တွေမှာလည်းမိုးကပြန်ကောင်းလာမယ်ဆိုရင်တော့ ချိုင့်ကျတဲ့နေရာတွေမှာ နှမ်းအစားတခြားသီးနှံပြောင်းစိုက်ဖို့  တိုက်တွန်းပါတယ်။

"ရာသီဥတုကြောင့် နှမ်းခင်းတွေ ထိခိုက်ပျက်စီးရတာကိုဘယ်လိုမှ ကာကွယ်လို့မရဘူးဗျ။ ဒီအ တိုင်းတောာင်သူတွေမှာထိုင်ကြည့်နေရုံပဲရှိမယ်။ မိုးဒဏ်ရေဒဏ်ခံနိုင်မယ့် မိုးကြိုစပါး(နွေစပါး) မျိုးကို ပြောင်းစိုက်ကြဖို့ ကျွန်တော်တို့ တောင်သူတွေကိုစည်းရုံးရမှာပေါ့" လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက ပြောပါတယ်။

"အရင်မိုးခေါင်တုန်းက နှမ်းစိုက်တာကိစ္စမရှိပေမယ့် အခုလိုမိုးပြန်များလာမယ်ဆိုရင်တော့ ပြောင်းကိုပြောင်းမှ ရတော့မယ်"လို့ ဦးရဲမင်းထွန်းက ပြောလိုက်ပါတယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly