အကျင့်ပျက်ခြစားနေသောစစ်တပ်မှာ စစ်ပွဲကိုနိုင်အောင်မတိုက်နိုင်ဟု တရုတ်စစ်တပ် သတင်းစာ သတိပေး

အကျင့်ပျက်ခြစားနေသောစစ်တပ်မှာ စစ်ပွဲကိုနိုင်အောင်မတိုက်နိုင်ဟု တရုတ်စစ်တပ် သတင်းစာ သတိပေး

ပေကျင်း၊ သြဂုတ် - ၃ ။        ။ အကြီးတန်းစစ်တပ်အရာရှိဟောင်းတစ်ဦးကို လာဘ်စားမှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း အစိုးရက ကြေညာလိုက်ပြီးနောက်တွင် တရုတ်စစ်တပ်၏ တရားဝင်သတင်းစာ ကြီးက အကျင့်ပျက်ခြစားနေသော စစ်တပ်တစ်တပ်မှာ စစ်ပွဲများကို နိုင်အောင်တိုက်နိုင်လိမ့်မည်မဟုတ်ကြောင်း သြဂုတ်လ ၂ရက်နေ့က သတိပေးပြောကြားခဲ့သည်။

တာဝန်ထမ်းဆောင်စဲနှင့် အငြိမ်းစားယူသွားသည့် တရုတ်စစ်တပ်အရာရှိများအား နိုင်ငံပိုင်မီဒီယာက တရုတ်နိုင်ငံ၏ စစ်တပ်များမှာ စစ်ပွဲတစ်ပွဲကို နိုင်အောင်တိုက်နိုင်ရန် အကျင့်ပျက်ခြစား လွန်းနေခြင်း ရှိမရှိ မေးမြန်းခဲ့သည်။

သမ္မတရှီကျင့်ဖျင်က စစ်တပ်များအတွင်း အကျင့်ပျက်ခြစားမှု ကင်းစင်ရေးကို ဦးထိပ်ပန်ဆင်ထားသောကြောင့် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး စစ်တပ်အရာရှိဟောင်းနှစ်ဦးဖြစ်သည့် ရှူကိုင်ဟိုနှင့်ကောက် ဘိုရှင်းအပါအဝင် အကြီးတန်းအရာရှိအတော်များများကို ရာထူးမှ ဖယ်ရှားပစ်ခဲ့သည်။ ကောက်ကို အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၃၀ရက်နေ့က ပြောကြားခဲ့ပြီး ရှူမှာမူ မတ်လက ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

''အကျင့်ပျက်ခြစားမှုကို ကြီးထွားပျံ့နှံ့ခွင့်ပြုလိုက်ရင် သေနတ်တွေ သံချေးကိုက်ကုန်လိမ့်မယ်။ မဏ္ဍိုင်တွေ ပြိုလဲကုန်လိမ့်မယ်''ဟု ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့စဉ်သတင်းစာကြီး ၏ခေါင်းကြီး ပိုင်းတွင် ရေးသားထားသည်။

''အကျင့်ပျက်ခြစားမှုကို မသုတ်သင်မရှင်းလင်းနိုင်ရင် စစ်မရောက်ခင် မြားကုန်သလို အလိုလို ရှုံးနိမ့်သွားလိမ့်မယ်''ဟုလည်း အဆိုပါခေါင်းကြီးပိုင်းတွင် ပြောကြားထားသည်။

ရှူနှင့် ကောက်ကဲ့သို့သော အရာရှိကြီးများ၏ အကျင့်ပျက်ခြစားမှုက လူထု၏ စိတ်ဓာတ်ရေးရာကို ထိခိုက်စေပြီး၊ စစ်သားများ၏ ယုံကြည်မှုကိုလည်း ပျက်ပြားစေသည်ဟုလည်းဆိုသည်။

ကျိန်မင်းဆက် ဆုတ်ယုတ်ချိန်တွင် အကျင့်ပျက်ခြစားမှုမှာ ဂျပန်ကို ရှုံးနိမ့်ရသည့် အဓိကအကြောင်းရင်းဖြစ်ခဲ့ပုံကိုလည်း သတင်းစာက ထောက်ပြထားသည်။  

၁၉၉၀ခုနှစ် နှောင်းပိုင်းကာလများကတည်းက တရုတ်အစိုးရက စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို အရှိန်အဟုန်ဖြင့် ဖြိုခွင်းလာခဲ့ရာ စစ်တပ်အရာရှိများ စီပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်ပိတ်ပင် ထားသည်။ သို့ရာတွင် အပြန်အလှန် ထိန်းညှိစစ်ဆေးမှုမရှိသောကြောင့် မကြာသေးမီနှစ်များအတွင်း စီးပွားရေးလုပ်ငန်းများတွင် စစ်တပ်က ပါဝင်ပတ်သက်လာခဲ့ သည်ဟု ဝေဖန်သူများ ကပြောကြား ခဲ့သည်။

စစ်တပ်အတွင်း အကြီးတန်းရာထူးများကို ရောင်းဝယ်ခြင်းမှာ လူတိုင်းသိနေသည့် လျှို့ဝှက်ချက်တစ်ခုပင်ဖြစ်ပြီး၊ အမှန်တကယ်အရည်အချင်းရှိသူများကို ဘေးရောက်သွားစေပြီး၊ စိတ်ဓာတ်ပိုင်း ပျက်စီးသွားစေနိုင်သောကြောင့် ပြုပြင်ပြောင်းလဲရေးသမားများက စိုးရိမ်ပူပန်ခဲ့ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly