ရင်းနှီးမြှုပ်နှံလိုသူတွေကို နှစ်(၇၀)ထိ မြေငှားရမ်းခွင့်ပြုမည်

ရင်းနှီးမြှုပ်နှံလိုသူတွေကို နှစ်(၇၀)ထိ မြေငှားရမ်းခွင့်ပြုမည်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန် ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံလိုသူများသာမက ပြည်ပရှိ ရင်းနှီးမြှုပ်နှံလိုသူများကိုပါ မြေနေရာလိုအပ်မည်ဆိုပါက နှစ်(၇၀)အထိ ငှားရမ်းခွင့်ပြုသွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုလိုက်သည်။

“မြေနဲ့ပတ်သက်လို့ အခက်အခဲ မရှိစေရဘူး။ ကျွန်တော်တို့ မြေငှားပေးမယ်။ နှစ်(၇၀)အထိ ငှားပေးမယ်။ နောက်ပိုင်းလိုအပ်လို့ရှိရင် ထပ်ပြီး တိုးရင် တိုးဦးမယ်။ လောလောဆယ်တော့ နှစ်(၇၀) ငှားရမ်းခွင့်ပေးမယ်။ သူတို့တတွေ အေးချမ်း၊ လွယ်ကူ၊ ရိုးရှင်းစွာနဲ့ ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် ကျွန်တော်တို့ ဖန်တီးပေးနိုင်မှလည်း အခြား အခြားသော နိုင်ငံတွေက ကျွန်တော်တို့ နိုင်ငံကို စိတ်ဝင်စားမယ်။ ဒီအခွင့်အရေးကို ကျွန်တော်တို့ ပေးရမယ်” ဟု ဦးကျော်ဝင်းက ပြောသည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ဇွန်လ ၆ရက်က စတင်ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဖိုရမ်(Myanmar Investment Forum 2017) တွင် ဦးကျော်ဝင်းက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပြည်သူ၊ ပြည်သားတွေကိုလည်း ဒီအခွင့်အရေးပေးမှာပဲ။ နိုင်ငံတကာကလူတွေကိုလည်း ဒီအခွင့်အရေးပေးမှာပဲ။ ဒါမှ ဒီလုပ်ငန်းကြီးက တိုးတက်လာမှာ” ဟု ဦးကျော်ဝင်းက ဆိုသည်။

NLD ဦးဆောင်သည့် အစိုးရသက်တမ်း ပထမတစ်နှစ်တာကာလအတွင်း စီးပွားရေးနှင့်ပတ်သက်ပြီး လေယာဉ်တစ်စင်းဖြင့် ဦးကျော်ဝင်းက ဥပမာပေးကာ “Run Way မှာ ပြေးတဲ့အချိန်ကာလလို့ သတ်မှတ်ပါတယ်” ဟု ပြောသည်။

ယခုနှစ်တွင်မူ “Run Way ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ Gravity ကို ဆန့်ကျင်တွန်းကန်ပြီးတော့ ဂျက်ပါဝါနဲ့ လေထဲကို ပြေးမယ့်နှစ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ကြုံးဝါးခဲ့သည်။

အစိုးရက စည်းကြပ်ကောက်ခံသည့် အခွန်နှုန်းထားကိုလည်း နိုင်ငံတကာနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံသူများအတွက် သင့်တင့်မျှတသည့် နှုန်းထားတစ်ခု ဖြစ်စေရမည်ဟုလည်း ဦးကျော်ဝင်းက သတင်းစကား ပါးလိုက်သေးသည်။

“အခွန်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ မူဝါဒက ဘာလည်းဆိုလို့ရှိရင် အခွန်ထမ်းဆောင်ထိုက်သူ ပုဂ္ဂိုလ် အားလုံး မကြီးလေးတဲ့ တာဝန်အဖြစ်နဲ့ အခွန်ကို ထမ်းဆောင်ရစေရမယ်။ အခွန်ထမ်းဆောင်ထိုက်သူအားလုံး အခွန်လွတ်ကင်းခွင့် မရှိဘဲနဲ့ အခွန်ကို မလွဲမသွေ ပေးဆောင်ရမယ်။ အခွန်ထမ်းဆောင်ထိုက်သူ အားလုံးအတွက် အခွန်နဲ့ပတ်သက်တဲ့ စည်းမျဉ်းဥပဒေတွေဟာ မျှတတဲ့ စည်းမျဉ်းဥပဒေတွေ ဖြစ်စေရမယ်။ ဒီအချက်နဲ့ အခြေခံပြီးတော့ ရင်းနှီးမြှုပ်နှံသူအာလုံးအတွက် အခွန်နှုန်းထားဟာ သင့်လျော်မျှတတဲ့ တာဝန်တစ်ရပ်အဖြစ်နဲ့ ရှိစေရပါမယ်” ဟု ဦးကျော်ဝင်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly