ဂျူးအစွန်းရောက်များကို လုံးဝသည်းခံလိမ့်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုပြောကြား

ဂျူးအစွန်းရောက်များကို လုံးဝသည်းခံလိမ့်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟုပြောကြား

ဂျေရုစလင်၊ သြဂုတ် - ၃ ။        ။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ၎င်း၏အစိုးရအနေဖြင့် ဂျူးအစွန်းရောက်များကို လုံးဝသည်းခံလိမ့်မည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီးနောက် အစ္စရေး လုံခြုံရေး ကက်ဘိနက်အဖွဲ့က ပါလက်စတိုင်းလူမျိုးများကို တိုက်ခိုက်သည့် အစ္စရေးနိုင်ငံသားများအား အရေးယူမှုအသစ်များကို ဇူလိုင်လ ၂ရက်နေ့က သဘောတူအတည်ပြုခဲ့သည်။

အစ္စရေးတစ်နိုင်ငံလုံး တုန်လှုပ်ခြောက်ခြားခဲ့ရသည့် ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်ခိုက်မှုများနောက်တွင် အခြေအတင် ဆွေးနွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဇူလိုင်လ ၃၁ရက်နေ့က ဂျူးအစွန်းရောက်များ ဟု ယူဆရသူများက အနောက်ဘက်ကမ်းမှ ပါလက်စတိုင်း အိမ်တစ်လုံးကို မီးတင်ရှို့ခဲ့ရာ လမ်းလျှောက်စအရွယ်ကလေးငယ်တစ်ဦး မီးလောင်သေဆုံးသွားခဲ့သည်။

ဇူုလိုင်လ ၃၀ရက်နေ့ကလည်း အစွန်းရောက်ဂျူးလူမျိုးတစ်ယောက်က ဂျေရုစလင် မိန်းမလျာချီတက်ပွဲတွင် ပါဝင်ဆင်နွှဲသူများကို ဓားဖြင့်လိုက်ထိုးရာမှ ၁၆နှစ်အရွယ်မိန်းမငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ သွားခဲ့ပြီး ထိုဒဏ်ရာများဖြင့်ပင် သြဂုတ်လ ၂ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

အစ္စရေး လုံခြုံရေးကက်ဘိနက်အဖွဲ့က သြဂုတ်လ ၂ရက်နေ့ညတွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ၊ လုံခြုံရေးအေဂျင်စီများအား တာဝန်ရှိသူများကို ဖမ်းဆီးရာတွင် လိုအပ်သလို အရေးယူဆောင်ရွက်ရန်နှင့် အလားတူဖြစ်ရပ်များကို တားဆီးရန် ညွှန်ကြားထားသည်ဟု ဆိုသည်။  

ယခုထုတ်ပြန်လိုက်သည့် အရေးယူမှုအသစ်များထဲတွင် အဖမ်းခံရသူများကို တရားစွဲခြင်းမရှိဘဲ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းထားနိုင်သည့် အုပ်ချုပ်ရေးအရ ဖမ်းဆီးထိန်းသိမ်းမှု (administrative detention)လည်း ပါဝင်နေသည်ဟု ဆိုသည်။ ပါလက်စတိုင်းများအား အုပ်ချုပ်ရေးအရ ဖမ်းဆီးထိန်းသိမ်းမှုကိုလည်း စစ်သွေးကြွတိုက်ခိုက်မှုများကို တားဆီးရန် လိုအပ်သော လုပ်ဆောင် ချက်တစ်ရပ်အဖြစ် အစ္စရေး ခုခံကာကွယ်ခဲ့သည်။

အပတ်စဉ် အစိုးရအစည်းအဝေးတွင် ဝန်ကြီးချုပ် နေတန်ယာဟုက ကျွန်တော်တို့ ပြည်သူတွေထဲက ရာဇဝတ်ကောင်တွေကို ဆန့်ကျင်တိုက်ဖျက်ဖို့အတွက် အစ္စရေးမှာ တစည်းတလုံးထဲ ရှိနေကြောင်းပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံမှာ မည်သည့်ဘက်မှမဆို အမုန်းတရား၊ အယူသည်းမှုနှင့် အကြမ်းဖက်မှုများကို တိုက်ဖျက်သွားရန် သန္နိဌာန်ချထားပြီး ယင်းမှာ အခြေခံလူသားဆန်မှုနှင့် ဂျူးတန်ဖိုးများ၏ အခြေခံအုတ်မြစ် ပင်ဖြစ်သည်ဟုလည်း နေတန်ယာဟုက ပြောကြားခဲ့သည်။  

တိုက်ခိုက်မှုများကို ဆန့်ကျင်ရန်နှင့် နိုင်ငံ၏ ဘာသာရေးအသိုက်အဝန်းအတွင်း အစွန်းရောက်အကြမ်းဖက်အုပ်စုများ ကြီးထွားလာမှုကို သတိပေးသည့်အနေဖြင့် အစ္စရေးနိုင်ငံသား ထောင်ပေါင်းများစွာမှာ လမ်းများပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly