ကျေးဇူးခွန်

ဒီမိုကရေစီနိုင်ငံဆိုတာ အခွန်တွေဆောင်ရသတဲ့၊ တိုင်းပြည်ရဲ့ ယန္တရားက ပြည်သူတွေရဲ့ အခွန်တွေနဲ့ လည်ပတ်ရတာတဲ့။ မောင်မှန် အဲသလို ကြားနာမှတ်သားဖူးပါတယ်။ ရေခွန်၊ မီးခွန်၊ ဘာခွန်၊ ညာခွန် စသဖြင့်ပေါ့လေ။ ဒီမိုကရေစီနိုင်ငံမှာနေတာဆိုတော့ မောင်မှန်တို့ ပေးကြရတာပေါ့။ (အရင်ကလည်း ပေးတော့ ပေးရပါတယ်။) ရေခွန်၊ မီးခွန်က နည်းနည်းရှင်းတယ်။ သုံးရင်သုံးသလောက် ပေးရတယ်။ အရင်ကလည်း မရှင်း အခုလည်း မရှင်းတဲ့ အခွန်ကတော့ သန့်ရှင်းရေးခွန်ဆိုလား၊ အမှိုက်ခွန်ဆိုလားပဲ။ မောင်မှန်တို့ရပ်ကွက်တွေမှာ အဲဒီအခွန် ပေးဆောင်ရပြီးတော့ တစ်ခါမှလည်း အမှိုက်က သိမ်းတာ၊ သန့်ရှင်းရေးလာလုပ်တာ မတွေ့ရပါဘူး။ အများကြီးမဟုတ်ပေမယ့် ပေးတာတော့ ပေးနေရတာပါပဲ။

နောက်တစ်ခါ ဖုန်းခွန်၊ ပြည်ခိုင်ဖြိုးအစိုးရက ဆိုင်းငံ့ထားခဲ့ပြီး ခုအစိုးရလက်ထက်မှ ပေးဆောင်ကြရတယ်။ တရားသလား၊ မတရားသလားလည်း မပြောတတ်တော့ပါဘူး။ တစ်ခါ စားသောက်ခွန်တဲ့၊ ဒီအခွန်ကလည်း နိုင်ငံတကာမှာရှိတယ်တော့ ပြောတယ်။ (မောင်မှန်တို့ကလည်း စင်္ကာပူအမီလိုက်မယ်၊ ကမ္ဘာကို ဦးဆောင်မယ်ဆိုတဲ့ နိုင်ငံမို့လား၊ ဒီတော့ သူများကောက်တယ်ဆို လိုက်ကောက်ရတာပေါ့။ သူများက စားသုံးသူအခွင့်အရေးတွေ ဘာတွေပေးရင်သာ မသိသလို နေလိုက်တာ) အဲ အဲဒီစားသောက်ခွန်ဆိုတာကြီးကို (နိုင်ငံတကာမှာရှိရှိ ဘယ်ကမ္ဘာမှာပဲရှိရှိ) မောင်မှန် သိပ်သဘော မပေါက်ဘူး။ ကိုယ်ကလည်း ဝယ်စားရသေး၊ စားတဲ့အတွက် အခွန်လည်း ဆောင်ရသေး၊ စဉ်းစားလဲကြည့်ပါဦး။ တော်သေးတယ်၊ မုန့်ဟင်းခါးဆိုင်တို့ အကြော်ဆိုင်တို့မှာ အခွန်မဆောင်ရလို့။ အခွန်ကောက်သူတွေဘက်ကတော့ အကျိုးသင့် အကြောင်းသင့် ရှင်းပြစရာ ရှိလိမ့်မယ် မထင်ပါတယ်။ ကိုယ်က မပေးသင့်ဘူးထင်တာပါ။ စားသောက်ပြီးတော့လည်း ထွက်ပြေးလို့မှမရတာပဲကို။ ဆောင်ရတာပါပဲ။

နောက်ပြီး ရွှေဝယ်ခွန်တဲ့၊ ဒါကတော့ မောင်မှန်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်လေတော့ ပြဿနာသိပ်မရှိကြောင်းပါခင်ဗျာ။ ခြစ်ချုပ်ပြီး (ငွေမစုရဲလို့ ငွေကြေးဖောင်းပွလွန်းလို့) ရွှေတိုရွှေစ ဝယ်ဝယ်စုကြတဲ့ ပြည်သူတွေအတွက်တော့ ထိခိုက်မှု အတော်ရှိနိုင်တယ်လို့ ကြားရတယ်။

အခု နောက်ဆုံးပေါ် အခွန်သတင်းကတော့ လယ်သမားတွေဆီကနေ ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကောက်ခံတော့မယ်ဆိုတဲ့ သတင်းပါ။ ဒီသတင်း စဖြစ်ဖြစ်ချင်းကနေ အခုထက်ထိကိုပဲ ရေရေရာရာ မရှိလှတာကိုလည်း တွေ့ရပါတယ်။ ဇွန် ၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အပြီး သတင်းထောက်တစ်ယောက်ရဲ့ အမေးကို စီမံ/ ဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက "ဒီကြိုတင်ခွန်တို့ ဘာတို့ဆိုတာ နှစ်ရာခိုင်နှုန်းဆိုတာကတော့ လက်ရှိ တည်ဆဲဥပဒေတွေအတိုင်းပဲ တည်ဆဲဥပဒေတို့၊ လုပ်ထုံးလုပ်နည်းတို့အတိုင်းပဲ လုပ်သွားမှာပေါ့။ ပဲ၊ သီးနှံတို့ ကုန်သည်ရယ် ဘာရယ် လုပ်ငန်းရယ်လို့ မရှိဘူး။ သူက နှစ်ရာခိုင်နှုန်း ကောက်ခံရမယ် လုပ်ငန်းထဲမှာ အကျုံးဝင်သွားရင်တော့ ကောက်ခံသွားမှာပေါ့" လို့ ဖြေကြားခဲ့ပါတယ်။

ဒုဝန်ကြီးရဲ့ အဖြေကို သေချာလေ့လာကြည့်ရင် ဒီနှစ်ရာခိုင်နှုန်းဆိုတာ နဂိုကတည်းကကို ရှိပြီးသား။ လုပ်ငန်းခွဲခြားထားတာ မရှိဘူးတဲ့။ အရင်က အဲဒီကိစ္စကို မကိုင်တွယ်သေးဘဲ အခုမှ ကိုင်တွယ်တဲ့ သဘောပြောတယ်။ ခွင်ထဲဝင်ရင်တော့ စားမှာပဲဆိုတဲ့ သဘော ပြောတယ်။ တည့်(ဒဲ့)မဟုတ်ပေမယ့် တွတ်သဘော ပြောထားပါတယ်။

ဇွန် ၂ ရက်နေ့မှာတော့ နှစ်ရာခိုင်နှုန်း အခွန်ကိစ္စ မီဒီယာတွေရဲ့ အမေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ''နှစ်ရာခိုင်နှုန်း မကောက်ဘူးဆိုတာ သေချာပါလိမ့်မယ်၊ တို့ကတော့ မကောက်သင့်တဲ့ ဘက်က ဆွေးနွေးပြီးတော့ တင်ပြထားတာလေ။ သေချာပါလိမ့်မယ်၊ တို့က လယ်သမားနဲ့ အဓိက ပတ်သက်တဲ့ဌာနဖြစ်တော့ ဒီအခွန်ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ပြီးတော့ ညှိနှိုင်းမှာဖြစ်တဲ့အတွက် ကောက်ခြင်း၊ မကောက်ခြင်းကို တိကျတဲ့ အဖြေ မပေးနိုင်ဘူး၊ ဒါပေမဲ့ သေချာပါလိမ့်မယ်" လို့ ဖြေပါတယ်။ ကဲ ဒီဝန်ကြီးကကျ မကောက်ဘူးဆိုတာ သေချာပါလိမ့်မယ်တဲ့၊ (ဒီဝန်ကြီးစကားကိုတော့ သေချာ အားစိုက်ဖတ်ရတယ်။ သူက ရှေ့ပိုင်းမှာတုန်းက လယ်သမားတွေနဲ့ ပတ်သက်ပြီး စကားကျွံတာတွေ ရှိဖူးတယ်မို့လား) ဝန်ကြီး ဆက်ပြောတာက ".... အခွန်ဆိုတာ အမြတ်ခွန်အတွက်လုပ်တာ၊ တောင်သူလယ်သမားတွေကျတော့ ဘယ်လောက်ပိုင်ဆိုင်တဲ့သူမှ ဘယ်လောက်ရောင်းချမှ၊ ဘယ်လောက်ပမာဏတစ်ခုကို ရောင်းတဲ့ လယ်သမားမျိုးကျမှ ချမ်းသာတဲ့ လယ်သမား ရှိနေဦးမှာပဲ ဆိုလိုတဲ့ အဓိပ္ပာယ်က ဟုတ်လား၊ ကိုယ့်ဟာကိုယ် ရုန်းကန်တဲ့ လယ်သမားလည်း ရှိတယ်။ ဒါကြောင့် ပမာဏလေး တစ်ခုကို သေချာသတ်မှတ်ဖို့ လိုလိမ့်မယ်။ လိုတဲ့အတွက် အဲဒါကို လုပ်ပါဆိုတော့ စီမံဘဏ္ဍာနဲ့ ညှိနှိုင်းပါဆိုတဲ့ အချက်ကို ရတဲ့အတွက် တို့ မကြာခင် စီမံဘဏ္ဍာက အဲဒီကိစ္စမဟုတ်ပါဘူးဆိုပြီး သတင်းထွက်နေတာတွေ ပါတယ်" တဲ့။ ဒီမှာလည်း ကြည့်ဦး၊ သူတို့ စိုက်မွေးဆည်နဲ့ စီမံဘဏ္ဍာနဲ့ ညှိဦးမှာတဲ့။ စီမံဘဏ္ဍာကလည်း ဒီကိစ္စမဟုတ်ပါဘူးဆိုပြီး သတင်းတွေလည်း ထွက်နေပြန်သတဲ့။

မျက်စိတွေရော၊ နားတွေရော၊ ဦးနှောက်တွေပါ သွက်သွက်ခါ ချာချာလည်နေရပါပြီ။ စီမံ/ဘဏ္ဍာ ဒုဝန်ကြီးက နှစ်ရာခိုင်နှုန်း ကောက်မှာပဲတဲ့။ စိုက်မွေးဆည်ဝန်ကြီးက မကောက်ဘူးဆိုတာ သေချာပါလိမ့်မယ်တဲ့။ နောက် စီမံ/ဘဏ္ဍာနဲ့ ညှိနှိုင်းရဥိးမယ်တဲ့။ နောက်ပြီး စီမံ/ဘဏ္ဍာက ဒီကိစ္စမဟုတ်ပါဘူးဆိုပြီး သတင်းတွေ ထွက်နေပြန်သတဲ့။ ဇွန် ၁ ရက်နဲ့ ၂ ရက်၊ ၂ ရက်ထဲမှာတင် တိုင်လည်နေတာနော်။ ဇွန်လလယ်လောက်ကျရင် ဘယ်လိုဖြစ်ဦးမယ် မသိဘူး။

ဒီအခွန်ကိစ္စက အရေးကြီးပါတယ်။ လယ်သမားဆိုတာ ဗမာပြည် လူဦးရေရဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဗမာပြည်ရဲ့ အကြီးဆုံး အခြေခံအင်အားစုကြီးပါ၊ မရှိလို့ ဟိုဟာလုပ်စား အကြွေးနဲ့တိုးဆိုသလို ငတ်လို့လယ်လုပ်စား အခွန်နဲ့ တိုးနေပြန်ပါပေါ့။ အဲဒါကိုလည်း ရှင်းရှင်းလင်းလင်း မပြောကြပါဘူး။ ဝေ့လည်ကြောင်ပတ် မရေမရာ လှည့်ပတ် ပြောဆိုနေကြပါတယ်။ လယ်သမားတွေ ပြည်သူတွေဖက်က ဘယ်လို တုန့်ပြန်မှုတွေ ထွက်လာမလဲဆိုတာ အကဲခတ်စနည်းနာပြီး အခြေအနေအရ မီးစင်ကြည့်ကချင်တဲ့ သဘောလို့ မောင်မှန် မြင်ပါတယ်။

ကျေးဇူးရှင် တောင်သူလယ်သမား ဦးကြီးများလို့ ပြောဆို သုံးနှုန်းကြပေမဲ့ ဗမာပြည်မှာ လယ်သမားဖြစ်ရတာ အတော်ကံဆိုပါတယ်။ ထမင်းတစ်နပ် လျော့စားခိုင်းသူနဲ့ ငွေချေးပြီး အလုပ်မလုပ်ဘူး အပျင်းထူးတယ် စွပ်စွဲသူနဲ့ အခွန်တိုးကောက်မဲ့သူနဲ့ ကျေးဇူးဆင်ချင်သူတွေ ဝိုင်းဝိုင်းလည်လို့ပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly