ဗြိတိန်ရွေးကောက်ပွဲ မဲဆွယ်မှုတွင် ၀န်ကြီးချုပ် ထရီဆာမေနှင့် အဓိကအတိုက်အခံ လေဘာပါတီခေါင်းဆောင်တို့ အပြန်အလှန်စွပ်စွဲပြစ်တင်

ဗြိတိန်ရွေးကောက်ပွဲ မဲဆွယ်မှုတွင် ၀န်ကြီးချုပ် ထရီဆာမေနှင့် အဓိကအတိုက်အခံ လေဘာပါတီခေါင်းဆောင်တို့ အပြန်အလှန်စွပ်စွဲပြစ်တင်

လန်ဒန်၊ ဇွန် ၆ ။             ။ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေက အတိုက်အခံလေဘာပါတီခေါင်းဆောင် ဂျာရီမီကိုဘင်းသည် အီးယူမှ ဗြိတိန်နုတ်ထွက်ရေး ညှိနှိုင်းဆွေးနွေးနိုင်ရန် အသင့်ဖြစ်နေသူမဟုတ်ကြောင်းနှင့် အီးယူက နုတ်ထွက်ရေး သဘောတူညီချက်ရဖို့ ဆန္ဒရှိသူမဟုတ်ကြောင်း စွပ်စွဲပြောဆိုသည်။

ဇွန် ၈ ရက်တွင် ပြုလုပ်မည်ဖြစ်သော အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ ပြန်လည်စတင်ချိန်တွင် ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ထရီဆာမေက ပြိုင်ဖက်ဖြစ်သူအပေါ် ယခုကဲ့သို့ စွပ်စွဲလိုက်ခြင်းဖြစ်သည်။

တစ်ဖက်က လေဘာပါတီခေါင်းဆောင်နှင့် အဓိကအတိုက်အခံပြိုင်ဖက်ဖြစ်သည့် ကိုဘင်းကလည်း ထရီဆာမေအနေဖြင့် အငြိမ်းစားယူသင့်နေသည့် ဝန်ကြီးချုပ်ဖြစ်သည်ဟု ပြောဆိုထိုးနှက်လိုက်သည်။

လန်ဒန်တွင် သွေးထွက်သံယိုအစွန်းရောက်တိုက်ခိုက်မှုများ ကြုံနေရသည့်အခါ ထရီဆာမေက ရဲအင်အားများကို လျှော့ချပစ်ခဲ့ဖူးခြင်းကို သတိရမိရုံနှင့် ၎င်းအနေဖြင့် အငြိမ်းစားယူသင့်နေပြီဟု   ပြောလိုက်ခြင်းဖြစ်သည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကမ်မရွန်းလက်ထက်တွင် ထရီဆာမေက ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူထားစဉ် ရဲအင်အား နှစ်သောင်းနီးပါးအား လျှော့ချပစ်ခဲ့ရာ၌ အဓိက လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း မဲဆွယ်စည်းရုံးမှုအတွင်း ကိုဘင်းက မီဒီယာအား ထောက်ပြပြောဆိုခဲ့သည်။

လန်ဒန်တွင် ဇွန် ၃ ရက်ညက ဖြစ်ပွားသော လန်ဒန်တံတားပေါ် လူအများအား ဗင်ကားဖြင့် လူသုံးဦးက လိုက်တိုက်ကာ အနီးက ဈေးတွင် ဓားဖြင့် လိုက်လံထိုးခုတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရပ်နားထားသော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို ဇွန် ၅ ရက်တွင် ပြန်လည်စတင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags