အော်လန်ဒိုကုမ္ပဏီတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် လူ ၆ဦးသေဆုံး

အော်လန်ဒိုကုမ္ပဏီတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် လူ ၆ဦးသေဆုံး

ဇွန်  ၆ ။             ။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှ ကုမ္ပဏီတစ်ခုထဲသို့ လူတစ်ဦးသည်ဝင်ရောက် လာခဲ့ပြီး အထဲရှိလူများကို အစုလိုက်အပြုံလိုက် သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေနတ်ပစ်သူအပါအဝင် စုစုပေါင်း ၆ဦးခန့် သေဆုံးခဲ့ကြောင်း အော်ရိန်းကောင်တီအရာရှိ ဂျယ်ရီဒမ်မင်းက တနင်္လာနေ့တွင် ပြောခဲ့သည်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကုမ္ပဏီအနီး၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဒမ်မင်းက သေနတ် စတင်ပစ်ခတ်ခဲ့ချိန်တွင် အဆောက်အဦးအတွင်း၌ ရှိနေခဲ့သော လူ ၇ဦးမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း ပြောခဲ့သည်။

အသက် ၄၅နှစ်အရွယ်ရှိ သေနတ်သမားသည် Fiamma ကုမ္ပဏီမှ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး လွန်ခဲ့သော ဧပြီလတွင် ထိုကုမ္ပဏီမှ အထုတ်ခံခဲ့ရခြင်းဖြစ်ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများကို ပစ်ခတ်ခဲ့ပြီးချိန်တွင် သူ့ကိုယ်သူ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ကောင်တီအရာရှိက သေနတ်သမားသည် မည်သည့်အကြမ်းဖက် အဖွဲ့အစည်းနှင့်မှ ပက်သက်မှမရှိကြောင်း ပြောခဲ့သည်။

အခင်းဖြစ်ပွားရာတွင် လူ၄ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြားဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သိပ်မကြာခင်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်စဉ်တွင် ဖုန်းဆက်အကူအညီတောင်းခံမှုကြောင့် ရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သော်လည်း ကုမ္ပဏီထဲသို့ ဝင်ရောက်လာချိန်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သူများကို သာ တွေ့ရှိခဲ့ရသည်။

ယခုအချိန်တွင် အခင်းဖြစ်ပွားနေရာ၌ အခြေအနေများ တည်ငြိမ်သွားပြီဖြစ်ကြောင်း ကောင်တီအရာရှိက ပြောခဲ့ သည်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနီးအနားရှိလမ်းများကို ပိတ်ချထားပြီး ရဲတပ်ဖွဲ့သည် အဆိုပါနေရာ အနီး တဝိုက်တွင် အင်အားအပြည့်ဖြင့် စောင့်ကြပ်နေကြောင်း သတင်းများက တင်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly