ဆင်သားရေ ဝယ်လိုအား ကြီးထွားနေ၍ မြန်မာ့တောရိုင်းဆင်များ အသတ်ခံရမှု စံချိန်တင် မြင့်မားနေ

ဆင်သားရေ ဝယ်လိုအား ကြီးထွားနေ၍ မြန်မာ့တောရိုင်းဆင်များ အသတ်ခံရမှု စံချိန်တင် မြင့်မားနေ

ဆင်သားရေ ဝယ်လိုအား ကြီးထွားခြင်းကြောင့် မြန်မာ့တောရိုင်ဆင်များ အသတ်ခံရမှုသည် စံချိန်တင်မြင့်မားနေသည်ဟု  တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအဖွဲ့ WWF ထုတ်ပြန်ထားသည်။ WWF၏ အဆိုအရ မြန်မာ့တောဆင်ရိုင်းများသည် အန္တရာယ်နှင့် ကြုံနေရပြီး ၂၀၁၇ခုနှစ် ဇန်နဝါရီမှ မေလထိ ငါးလအတွင်းပင် အနည်းဆုံး ဆင်အကောင်ရေ ၂၀ထိ သတ်ဖြတ်ခံနေရသည်ဟု သိရသည်။ 

မုဆိုးများက မိခင်နှင့် ဆင်သားပေါက်များကို ပိုမိုအမဲလိုက်ကြပြီး အဆိပ်မြားဖြင့် တစ်ဖြည်းဖြည်းမချိမဆံ့သေဆုံးစေကာ ပြီးနောက်တွင် အရေခွံခွာယူကြခြင်းဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအဖွဲ့ WWF က ဆိုသည်။

WWF ၏ စောင့်ကြည့်ရေးနေရာနှစ်ခုတွင် ယခု ၂၀၁၇ အတွင်း အရေခွံံခွာဆုတ်ခံထားရသည့် ဆင်သေအလောင်း အနည်းဆုံး ၂၀ ကို တွေ့ရှိခြင်းဖြစ်ရာ ယခင်တစ်နှစ်လုံး တွေ့ရှိဖူးသည့် အရေအတွက်ထက် များပြားနေခြင်းဖြစ်သည်။

နိုင်ငံတောင်ပိုင်းမှာ ရှိနေသော ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ဆင်သတ်အမဲလိုက်ခြင်းများက အန္တရာယ်အဆင့်ကို ရောက်ရှိနေကြောင်း ကမ္ဘာ့လုံးဆိုင်ရာတောရိုင်းတိရစ္ဆာန်ဥပဒေပညာရှင် Rohit Singh က ပြောသည်။

“ခုလိုအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင် လာမယ့် တစ်နှစ် နှစ်နှစ်အတွင်း ဒီဒေသမှာ တောရိုင်းဆင်တွေ ရှိတော့မှာ မဟုတ်ဘူး။”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

“ဆင်မပေါက်လေးတွေနဲ့ နို့စို့အရွယ် ဆင်မလေးတွေ အသတ်ခံရခြင်းကနေ အထီးအမနှုန်းထား မညီမျှမှုကြောင့်လည်း စိုးရိမ်စရာဖြစ်စေပါတယ်။”ဟု ၎င်းက ပြောသည်။

သိပ္ပံနည်းကျ အချက်အလက်မရှိသော်လည်း ကျန်းမာရေးကောင်းသည်ဆိုကာ ဆင်သားရေသည် လိုအင်များလာသော နောက်ဆုံးတိရစ္ဆာန်ထွက်ကုန်တစ်ခုလည်း ဖြစ်လာလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ကျက်စားလှည့်လည်နေသော တောဆင်ရိုင်း ၁၄၀၀ - ၂၀၀၀ နီးပါး ရှိမည်ဟု WWT ကခန့်မှန်းထားပြီး ယင်းနှုန်းထားသည် ထိုင်းနိုင်ငံပြီးလျှင် အရှေ့တောင်အာရှတွင် ဒုတိယအများဆုံး နှုန်းဖြစ်သည်။

သို့သော် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ဖိုးရှိသည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်မှောင်ခိုကုန်သွယ်မှုတွင် မြန်မာနိုင်ငံက အဓိကနယ်မြေဖြစ်လာလျက်ရှိရာ ဆင်ရိုင်ကောင်ရေ အရေအတွက်က တစ်စစလျော့ပါးလာသည်။

ရိုးရာဆေးများတွင် ထည့်သွင်းသုံးစွဲရန်အတွက် ဆင်သားရေနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဝယ်လိုအား ကြီးထွားလာခြင်းကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း ဆင်အမဲလိုက်သတ်ဖြတ်ခြင်းများသည် ဆယ်ဆကျော် များပြားလာကြောင်း ဇန်နဝါရီလအတွင်းက မြန်မာအစိုးးရက ပြောသည်။

ယခုနှစ်အစောပိုင်းတွင် တန်ခိုးကြီး ကျိုက်ထီးရိုးဘုရားအနီးနားက ပုန်လျှိုးကွယ်လျှိုး တောရိုင်းတိရစ္ဆာန်ဈေးသို့ ရောက်ရှိခဲ့သည့် အေအက်ဖ်ပီသတင်းထောက်က ဆင်သားရေများကို တစ်လက်မပတ်လည်အား ဒေါ်လာအနည်းငယ်ဖြင့် ရောင်းချနေသည်ကို မြင်တွေ့ခဲ့ရသည်။

ဆင်အရေခွံခြောက် ပြာနှင့် အုန်းဆီကို ရောလိမ်းခြင်းက နှင်းခူကို ပျောက်ကင်းနိုင်ကြောင်း၊ ဆင်၏ သွားသည် အသားအရေကို ဖြူစင်ချောမွေ့စေကြောင်း ဈေးသည်များက ပြောသည်။

သို့သော် ဆင်ထွက်ကုန်အများစုက ရှားပါးသော တိရစ္ဆာန်ထွက်ကုန်များကို အလွန်နှစ်သက်သော အိမ်နီးချင်း တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်နေခြင်းဖြစ်ကြောင်း ပညာရှင်မများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly