မြိတ်မြို့ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကို စတင်ဖွဲ့စည်း

မြိတ်မြို့ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကို စတင်ဖွဲ့စည်း

မြိတ်၊ ဇွန်- ၆ ။           ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အဆိုပါသမဂ္ဂ၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အသစ်ဖွဲ့စည်းလိုက်သည့် မြိတ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂသည် တစ်နိုင်ငံလုံး အ တိုင်းအတာအနေဖြင့် နည်းပညာကွန်ယက်အဖြစ် ဖွဲ့စည်းထားသည့် ကျောင်းပေါင်း ၁၃ ကျောင်း နှင့်ချိတ်ဆက်ဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကာ မြိတ်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရပြီး လက်ရှိဖွဲ့စည်းလိုက်သော သမဂ္ဂအနေဖြင့် မြိတ်နည်းပညာတက္ကသိုလ်၏ ခွင့်ပြုချက်ဖြင့် မြိတ်ခရိုင်အတွင်း ပထမဆုံးဖွဲ့စည်းခြင်းလည်းဖြစ်ကြောင်းလည်း သမဂ အဖွဲ့ ဥက္ကဌ ကိုဖြိုးသီဟအောင်က ဆိုသည်။

“ကျောင်းရဲ့ခွင့်ပြုချက်နဲ့ တရားဝင်ဖွဲ့စည်းခွင့်ရတာကတော့ ပထမဆုံးပါ။ ဒါပေမယ့် အခြားကျောင်းတွေက ခွင့်ပြုချက်အနေနဲ့မဟုတ်ပဲ သူတို့ဘာသာဖွဲ့စည်းတာမျိုးဖြစ်တယ်။ အခု ကတော့ ဒါကတရားဝင်ဖွဲ့စည်းခွင့်နဲ့ လုပ်တာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

နည်းပညာတက္ကသိုလ်(မြိတ်)ကျောင်းသားများသမဂ္ဂအဖွဲ့ကို မူဝါဒ(၈)ခုနှင့် အခြားနည်းပညာ တက္ကသိုလ်များနည်းတူတန်းတူဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်   ဖြစ်လာစေရန်တာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်များပြုလုပ်နိုင်ရန် စသည့်အချက်(၉) ခုဖြင့်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သမဂ္ဂသည် စည်းရုံးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကာ၊ လက်ရှိ နည်းပညာတက္ကသိုလ်၏ အင်္ဂလိပ်စာဌာန၌ သင်ကြားမည့် ဆရာ၊ဆရာမနည်းပါးလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံး နည်းပညာကျောင်းပေါင်း(၃၄)ခုအနက် တစ်ခုတည်းသော လျှပ်စစ်မီးမရရှိသေးသည့် နည်းပညာတက္ကသိုလ်ဖြစ်သည်ဟု သမဂ္ဂအဖွဲ့ ဥက္ကဌ ကိုဖြိုးသီဟအောင်က ကျောင်း၏ လိုအပ်ချက်ကို   ပြောဆိုသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly