တနိုင်းမြို့နယ်တွင် နေအိမ်ထဲ လက်နက်ကြီး ကျရောက်သဖြင့် ၃ ဦး ဒဏ်ရာရ

တနိုင်းမြို့နယ်တွင် နေအိမ်ထဲ လက်နက်ကြီး ကျရောက်သဖြင့် ၃ ဦး ဒဏ်ရာရ
 ဓါတ်ပုံ ခွန်းအောင်ဖေ့ဘုတ်

ချင်းမိုင်၊ ဇွန် ၅ ။           ။ ဖားကန့်မြို့ တနိုင်မြို့နယ် နောင်းလုံ-ကောင်ရာကျေးရွာရှိ နေအိမ်တခုတွင် လက်နက်ကြီး ကျရောက်ခဲ့သဖြင့် မိသားစု ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးကျမှုကြောင့် ရွာသားများ ကြောက်ရွှံ့ကာ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်ဟု ကောင်ရာကျေးရွာမှ သိက္ခာတော်ရ ဆရာကြီး ဦးလရိန်က ပြောသည်။

ဇွန်လ ၃ ရက်မှစတင်၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေရာ ဇွန်လ ၄ ရက် ည ၁၂ နာရီခွဲချိန်တွင် တနိုင်းမြို့မှ ၁၀ မိုင် အကွာအဝေးရှိ နောင်းလုံ ကောင်ရွာကျေးရွာတွင် လက်နက်ကြီး ၄ လုံး ကျရောက်ခဲ့ရာ ဦးအင်ဗွေနော်၏ နေအိမ်တွင် တစ်လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် သူ၏ အမျိုးသမီးနှင့် သမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

“မနေ့ည ၁၂ နာရီခွဲမှာ လက်နက်ကြီး ၄ ကြိမ် ပေါက်ကွဲသံကြားရတယ်။ နေအိမ်မှာကျတော့ အိမ်ရှင်အမျိုးသမီးရဲ့ နှာခေါင်းမှာ ဗုံးဆံထိတယ်၊ သမီးတစ်ယောက်က လည်ပင်းရင်းနဲ့ ညာဘက် လက်မောင်းမှာ ၃၊ ၄ နေရာ ဗုံးဆံစတွ ဝင်သွားတယ်။ သမီး တယောက်က ဘယ်ခြေထောက် ဒူးခေါင်းနဲ့ ညာခြေထောက်နားမှာ ပေါက်ပြဲသွားတယ်။ ပြီးတော့ နွားတွေ စုအိပ်နေတဲ့နေရာမှာ ဗုံးဆံတွေကျတော့ နွားတွေလည်းသေတယ်”ဟု သိက္ခာတော်ရ ဆရာကြီး ဦးလရိန်က မဇ္ဈိမကိုပြောသည်။

ဒဏ်ရာရသူများကို တနိုင်းပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးကုသနေစဉ် တပ်မတော် ဒကစ တပ်မှူး ရောက်လာပြီး ဒကစစခန်းအနီးက စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကာ   ဆေးကုပေးလျက်ရှိသည်ဟု ၎င်းက ပြောသည်။

အဆိုပါ လက်နက်ကြီး ၄ လုံးထဲမှ တစ်လုံးမှာ ကောင်းရာလီဒိုလမ်းမကြီးပေါ်ရှိ စားသောက်ဆိုင်တဆိုင်ရှေ့တွင် ကျရောက်ခဲ့ပြီး နောက်တစ်လုံးမှာ ဘုန်းကြီးကျောင်းအနောက်ဘက် နမ်ဗယို ရွာသွားသည့် လမ်းပေါ်တွင် ကျရောက်ခဲ့ကာ အခြားတလုံးမှာ ကောင်ရာရွာပြင်တွင် ကျရောက်ခဲ့သဖြင့် ကျေးရွာသားတချို့ ကြောက်လန့်၍ တနိုင်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်ဟုလည်း သိက္ခာတော်ရ ဆရာကြီး ဦးလရိန်က ပြောသည်။

ယင်း လက်နက်ကြီးသည် မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သည်ကိုမူ မသိရှိရသေးပေ။ ရွာသားများက ဗုံးဆံစများကို ဓါတ်ပုံ ရိုက်ထားသည်ကို ဒကစမှူးက စစ်ဆေးရန် ပြန်ယူသွားသည်ဟု ဆိုသည်။

ဇွန်လ ၃ ရက်မှစတင်၍ ယနေ့ထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေတွင် တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပြီး တိုက်ပွဲအနီးအနားရှိ ကျေးရွာတချို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်ဟု ဓမ္မဆရာ ဦးနော်တောင်က ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသော နေရာအနီးအနားရှိ တနိုင်းမြို့နယ် အင်ဂါးဂါရွာ၊ နမ်ခမ်းရွာ၊ လပိုခ၊ ဆွတ်ငိုက်ယန် စသည့် ကျေးရွာသား ၂၀၀ ခန့်သည် တနိုင်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ရာ လမ်းတွင် ဒေသအာဏာပိုင်များက ပိတ်ထား၍ လမ်းတွင် သောင်တင်နေသည်ဟု ဦးနော်တောင်က ပြောသည်။

“အခု အင်ဂါးဂါရွာ၊ နမ်ခမ်းရွာ၊ လပိုခ၊ ဆွတ်ငိုက်ယန်ရွာက ရွာသား ၂၀၀လောက်က ဒီမနက်ကနေ ခုချိန်ထိ တနိုင်းဘက် ရေလမ်းကြောင်းနဲ့ စက်လှေနဲ့ သွားဖို့ အစိုးရ ဘက်ကနေ မသွားခိုင်းလို့ လမ်းမှာသောင်တင်နေကြတယ်။ အခုထပ်ရောက်လာမဲ့ လူတွေလည်း ရှိနေတယ်။ ကုန်းလမ်းက တိုင်းကား လမ်းတလျှောက် တိုက်ပွဲဖြစ်လို့ စစ်သားတွေဘဲ ရှိတယ်။ ဒါကြောင့် ရေလမ်းကြောင်းကနေ သွားဖို့ ကြိုးစားတာ”ဟု သူက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly