ငြိမ်းချမ်းရေးပြဇာတ် ဖေ့စ်ဘုတ်ပေါ်တင်သည့် ဦးထွန်းထွန်းဦး ကျပ်သိန်း ၅၀ဖြင့် အာမခံရ

ငြိမ်းချမ်းရေးပြဇာတ် ဖေ့စ်ဘုတ်ပေါ်တင်သည့် ဦးထွန်းထွန်းဦး ကျပ်သိန်း ၅၀ဖြင့် အာမခံရ

ပုသိမ်၊ ဇွန် ၅ ။         ။ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ ပြဇာတ် ဖေ့စ်ဘုတ်ပေါ်တင်သည့် ဦးထွန်းထွန်းဦးအား ပုဒ်မ ၆၆(ဃ)ဖြင့် စွဲဆိုထားသည့်အမှုအား ကျပ်သိန်း ၅၀ ခံဝန်ဖြင့် ပုသိမ်မြို့နယ်တရားရုံးမှ ဇွန်လ၅ရက်က အာမခံပေးလိုက်သည်။

"ပုဂ္ဂိုလ်ရေးအရ ယုံကြည်ရသူဖြစ်ရမယ်။ တရားရုံးမှာလည်း သူတို့ပေးနိုင်တဲ့ ခံဝန်ပေါ့ အသက်အရွယ်ကြီးရင့်သူဖြစ်တယ် ထွက်မပြေးဘူးဆိုရတယ်ပေါ့၊ မိသားစုနဲ့နေထိုင်သူဖြစ်တယ် ရုံးချိန်းတွေကိုလည်း မှန်မှန်ကန်ကန်လာမယ်ဆိုပြီး ခံဝန်ပြုခဲ့လို့ အာမခံပေးခဲ့တာပါ။ သိန်းငါးဆယ်တန် ခံဝန်နဲ့ အာမခံပေးခဲ့တာပါ”ဟုဦးထွန်းထွန်းဦးက ပြောသည်။

ဒီမိုကရေစီတွင် အခြေခံကျသည့် လူအခွင့်အရေးတွေကို လေးစားတန်ဖိုးထားပြီး အာမခံနိုင်သည့် စနစ်ဖြစ်လာနိုင်ရန် ဆက်သွယ်ရေးပုဒ်မတွေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ပုဒ်မများကို လုံးဝ ပယ်ဖျက်သင့်သည်ဟု ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် စွဲဆိုခံထားရသည့် ဦးထွန်းထွန်းက မှတ်ချက်ပြုသည်။

ဦးထွန်းထွန်းဦးကို ဇွန်လ ၄ရက်တွင် ပုသိမ်မြို့မရဲစခန်းက ဖမ်းဆီးခဲ့ပြီး ဇွန်လ ၅ရက်တွင် ပုသိမ်မြို့နယ်တရားရုံးသို့ ပို့ဆောင်ခဲ့ကာ အာမခံ ရရှိခဲ့သည်။ ၎င်းအမှုအား ဇွန်လ၁၆ရက်တွင် ပြန်လည်ချိန်းဆိုခဲ့သည်။

facebook လူမှုကွန်ရက်တွင် Htun Htun Oo အကောင့်ဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော သဘောထားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကိုအောင်ခန့်ဇော်ပါ ကျောင်းသားများ ကပြခဲ့သည့် ပြဇာတ်ကို Live လွှင့်တင်ခဲ့၍ ပုသိမ်မြို့နယ်၊ မြို့မရဲစခန်းက ဦးထွန်းထွန်းဦးအား ပုဒ်မ ၃၄(ဃ)အစား ပုဒ်မ၆၆(ဃ)ဖြင့် ဇွန်လ၄ရက်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဇန်နဝါရီလတွင် ပုသိမ်ဟိုတယ်၌ ငြိမ်းချမ်းရေးနှင့်ပတ်သက်သော သဘောထားဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ကိုအောင်ခန့်ဇော်ပါ ကျောင်းသားများ ပြဇာတ် ကပြခဲ့ရာ တပ်မတော်နှင့်တပ်မတော်မိသားစုဝင်များကို အသရေပျက်စေရန်ရည်ရွယ်ပြီး ကပြခဲ့သည်ဟု ဆိုပြီး ထိုပြဇာတ်ကို ဖေ့စ်ဘုတ်ပေါ်တင်သည့် ဦးထွန်းထွန်းဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးအောင်မျိုးခိုင်က တရားလိုပြုကာ အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly