“ဆင်ခြေပေးပြီး ကိုယ်လွတ်ရုန်းတဲ့အထဲမှာတော့ မြို့တော်ဝန် မပါဘူး”- ဦးမောင်မောင်စိုး

“ဆင်ခြေပေးပြီး ကိုယ်လွတ်ရုန်းတဲ့အထဲမှာတော့ မြို့တော်ဝန် မပါဘူး”- ဦးမောင်မောင်စိုး
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇွန် ၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဖြစ်ပေါ်လာသည့် ရေကြီး၊ ရေလျှံမှု ပြဿနာကို ဆင်ခြေပေးပြီး ကိုယ်လွတ်ရုန်းမည် မဟုတ်ဘဲ အကောင်းဆုံးလုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုလိုက်သည်။

“ဆင်ခြေပေးပြီး ကိုယ်လွတ်ရုန်းတဲ့အထဲမှာတော့ မြို့တော်ဝန် မပါဘူး။ ရအောင်တော့ လုပ်မယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။

မိုးရွာသွန်းမှု ပမာဏများပြားပါက ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ရခြင်းမှာ ရေစုကန်များ မရှိခြင်းကလည်း အကြောင်းအရင်းတစ်ချက်ဖြစ်သည်ဟု မြို့တော်ဝန်က ဆိုသည်။

“ကျွန်တော်တို့ဆီမှာ ရေစုကန်နဲ့ပတ်သက်ပြီး အပွင့်လင်းဆုံးပြောရရင် ဝမ်းနည်းစရာကောင်းတာ မရှိဘူး။ ဒါကြောင့် ရေစုကန်တွေ ပြန်လုပ်ရပါလိမ့်မယ်။ နောက်ပြီးတော့ ရေစီးရေလာတွေကောင်းအောင် ပြန်လုပ်ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရန်ကုန်မြို့တွင်းရှိ မြို့နယ်တချို့တွင် ရေကြီး၊ ရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့မှုနှင့်ပတ်သက်ပြီး နေပြည်တော်သို့ ရောက်ရှိနေသည့် မြို့တော်ဝန်က သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဇွန်လ ၅ရက်၊ နံနက်ပိုင်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လူထုကိုလည်း ဒုက္ခမဖြစ်စေချင်ဘူး။ ကိုယ့်ကို ဒီရာထူးခန့်ထားတဲ့ဥစ္စာ၊ အစေခံဖို့ ခန့်ထားတာပဲ။ ဒီငါးနှစ်တာအတွင်းမှာ အကောင်းဆုံး လုပ်ပေးပါမယ်” ဟုလည်း ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့တွင် ယမန်နေ့က ၂နာရီအတွင်း မိုးရေချိန် ၄လက်မအထိ ရွာသွန်းခဲ့ပြီး “သွားရင်းသွားရင်းနဲ့ ငါ့ကားလည်း ရှေ့တိုးလို့မရ၊ ငါလည်း ရှေ့တိုးလို့မရ တနေရာထဲ နေရတယ်” ဟု မြို့တော်ဝန်က ၎င်းကိုယ်တိုင် ကြုံတွေ့ရပုံကို ရှင်းပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly