ကလေးနှင့်စစ်တွေ ရေဘေးသင့်ဒေသများသို့ တရုတ်သံအမတ်ကြီးကိုယ်တိုင် သွားရောက်လှုဒါန်းမည်

ကလေးနှင့်စစ်တွေ ရေဘေးသင့်ဒေသများသို့ တရုတ်သံအမတ်ကြီးကိုယ်တိုင် သွားရောက်လှုဒါန်းမည်
တရုတ် သံအမတ် ကလေးမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့. အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများလှူဒါန်း။ (ဓာတ်ပုံ - သူရ၊ မဇ္စျိမ)

ရန်ကုန်၊ သြဂုတ် ၃ ။     ။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Hong Liang  သည် သြဂုတ် ၃ ရက်နှင့် ၄ ရက်များတွင် ရေဘေးသင့်ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့များသို့ ကိုယ်တိုင် သွားရောက်ပြီး လှုဒါန်းမှုများ ပြုလုပ်မည်ဖြစ်သည်။

ယင်းနှင့် တစ်ချိန်တည်းမှာပင် တရုတ်သံရုံးမှ သံတမန်များသည် မကွေးတိုင်းသို့ သွားရောက်ပြီး ရေဘေးသင့် ဒုက္ခသည်များထံသို့ အကူအညီ ပစ္စည်းများ ပေးအပ်မည် ဖြစ်သည်။

တရုတ်သံအမတ်ကြီး၏ ခရီးစဉ်တွင် ကလေးမြို့ရှိ အိမ်ထောင်စု ၁၅၀၀ ကျော်နှင့် စစ်တွေမြို့ရှိ ၂၀၀၀၀ အတွက် ကူညီထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ရေဘေးသင့် ဒေသများသို့ အကူအညီပေးရန် တရုတ်သံရုံးက လှုဒါန်းမည့် အရေးပေါ် အသက်ကယ် ပစ္စည်းများ ပါဝင်သည့် အိတ်ထဲတွင် ဆန်၊ ဆီ၊ ဆား၊ မုန့်ပဲသရေစာ၊ ခေါက်ဆွဲခြောက်၊ ဓါတ်မီး၊ ဓါတ်ခဲ၊ အဝတ်အစား စသည့် ပစ္စည်းများ ပါဝင်မည်ဖြစ်သည်။  

တရုတ်သံအမတ်ကြီး Mr.Hong Liang   သည် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးသိန်းစိန်ထံ ပေးအပ်စဉ်ကပင် ရေဘေးသင့် ဒေသများသို့ အကူအညီများ ပေးအပ်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟုလည်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

သံရုံးအနေဖြင့် ကျပ်သိန်း ၃၇၀၀ ကို ထောက်ပံ့ငွေအဖြစ် သတ်မှတ်ပြီး ကယ်ဆယ်ရေးပစ္စည်းများ ဝယ်ယူကာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly