မကွေးတိုင်းဝန်ကြီးချုပ်၏ ပြည်သူကို ကူညီသောလုပ်ရပ်ကို သိစေချင်ဟု ဆို

မကွေးတိုင်းဝန်ကြီးချုပ်၏ ပြည်သူကို ကူညီသောလုပ်ရပ်ကို သိစေချင်ဟု ဆို
ဓာတ်ပုံ Hlaing Min Zaw

မကွေး၊ ဇွန်လ ၅ ရက် ။            ။ ယနေ့ လူမှုကွန်ရက်ဖေ့ဘွတ်ခ်ပေါ်တွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆိုင်ကယ် မှောက်ကာ ထိခိုက်ဒဏ်ရာရနေသော ပြည်သူကို ကူညီသည့် ပို့စ်အား ဝန်ကြီးချုပ်ရဲ့ ပြည်သူကို ကူညီတဲ့လုပ်ရပ်ကို သိစေချင်သောကြောင့် ပို့စ်တင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အများပြည်သူ စိတ်ဝင်စားနေသော ဝန်ကြီးချုပ်အကြောင်း ပို့စ်တင်သူမှာ မကွေးတိုင်းအတွင်းမှ ပြည်သူတစ်ဦးဖြစ်သော ကိုလှိုင်မင်းဇော်ဖြစ်ကြောင်း သိရသည်။

ကိုလှိုင်မင်းဇော်က “ဝန်ကြီးချုပ်က သူပုံတွေ အရိုက်မခံပါဘူး။ ပုံက သူရဲ့ PSO ရိုက်ထားတာပါ။ ကားထွက်ခါနီးမှာ ဝန်ကြီးချုပ်က သူ့ပုံကို ပေါ်ပင်လုပ်တယ်ထင်မှာစိုးလို့ အရိုက်မခံဘူး၊ကျွန်တော်တို့က ဝန်ကြီးချုပ်ရဲ့ ရိုးသားဖြူစင်မှုနဲ့ ပြည်သူကို ကူညီတဲ့ လုပ်ရပ်ကို အများပြည်သူ သိအောင် ဒီပို့စ်ကို တင်တာပါ” ဟု ပြောသည်။

ဖြစ်စဉ်မှာ  ဇွန်လ ၄ ရက်က NLD ခေါင်းဆောင်ပိုင်းများ၏ လစဉ်ပုံမှန် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး မှ ပြန်လာသော  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် နေပြည်တော် အမြန်လမ်း
စောစန္ဒာဝင်း ထမင်းဆိုင်နှင့် မြို့သစ်မြို့ကြားရေကျော်ချောင်းတွင် ဆိုင်ကယ်မှောက်၍ မတော်တဆထိခိုက်ဒဏ်ရာရရှိထားသော သားအမိ နှစ်ဦးကို တွေ့ရှိခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က ကားရပ်ကာ အခြေအနေ မေးမြန်းခဲ့ပြီး ၎င်းကားဖြင့် သားအမိနှစ်ဦးကို ခေါ်ဆောင်ခဲ့သည်။ ဆိုင်ကယ်ကိုမူ ၎င်း၏ လုံခြုံရေးအရာရှိအား စီးနင်းစေပြီး အဆိုပါသားအမိကို နေအိမ်အရောက် ပို့ဆောင်ပေးခဲ့သည်။

အဆိုပါအကြောင်းအရာကို အဖြစ်အပျက်အား တွေ့ရှိသူ ကိုလှိုင်မင်းဇော်မှ လူမှုကွန်ရက်ဖေ့ဘွတ်ခ်တွင်  တင်ခဲ့ခြင်း ဖြစ်သည်။

“ မိမိတိုင်းဒေသက ဒုက္ခရောက်နေသော ပြည်သူကို ဂရုစိုက်ပြီး ကုသိုလ်တစ်ခု ပြုခဲ့သော ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကို လေးစားဂုဏ်ယူပါကြောင်းဖြစ်ပါတယ်” ဟု ကိုလှိုင်မင်းဇော်က မဇ္ဈိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly