ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ကိုရဲမင်းကို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ပြန်အပ်ရန် စာပို့

ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ကိုရဲမင်းကို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ပြန်အပ်ရန် စာပို့

ချင်းမိုင်၊ ဇွန် ၅ ။          ။ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသော မဟာမိတ်အဖွဲ့ (AAC) တာဝန်ခံလည်းဖြစ်၊ ထိုင်းအစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သော Raks Thai foundation မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲမင်းကို အလုပ်အကိုင် ရှာဖွေခန့်ထားရေးဌာနမှ နေထိုင်ခွင့် ပြန်အပ်ရန် ဇွန်လ ၁ ရက်က အကြောင်းကြားခဲ့သည်ဟု သိရသည်။

လာမည့် ဇွန်လ ၆ ရက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်အကိုင်ရှာဖွေခန့်ထားရေးဌာနရုံးသို့ ကိုရဲမင်း၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် (work permit) များကို သွားရောက် အစစ်ဆေးခံမည်ဖြစ်ကြောင်း ကိုရဲမင်းက မဇ္ဈိမကို ပြောသည်။

“စာပို့တဲ့အပိုင်းက ထိုင်းနိုင်ငံမှာ ကျနော့်ရဲ့ နေထိုင်ခွင့်တွေ၊ work permit တွေ ပြန်စစ်ဆေးမယ်ဆိုပြီးတော့ ကျနော့်ကို ထိုင်းအစိုးရက အမိန့်စာထုတ်ပြီးတော့ ခေါ်တာပါ။ ၂၆ ရက်က ပို့တာ စာကတော့ ကျွန်တော့်လက်ထဲမှာ ကျွန်တော့်ရုံးချုပ်ကို ရောက်တယ်။ လာမယ့် ၆ ရက်၊ ၉ နာရီမှာ သူတို့ စစ်ဆေးမယ့် ဌာနကို ကျနော် သွားရမှာပါ”ဟု သူက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ လုပ်အားခ မရရှိသည့် ရွှေ့ပြောင်းအလုပ်သမား ၂၀ ကျော်ကို အလုပ်သားမား ကာကွယ်ရေးဌာနသို့ သွားရောက် ပို့ဆောင်ချိန်တွင် ထိုင်းအစိုးရ အာဏာပိုင်များ စစ်ဆေးမှုကို ကောင်မွန်စွာ လက်ခံခြင်း မရှိသဖြင့် ထိုင်းအစိုးရ၏ အလုပ်သမား ဥပဒေအရ ဗီဇာနှင့် work permit တို့နှင့် ပတ်သက်၍ စာရွက်စာတမ်းများ လာပို့ရန်ဟူ၍ အကြောင်းကြားစာတွင် ပါရှိသည်ဟု ကိုရဲမင်းက ပြောသည်။

“၅ လပိုင်း ၂၂ ရက်နေ့က လုပ်အားခ မရတဲ့ အလုပ်သမား ၂၀ ကျော်လောက်ကို အလုပ်သမားကာကွယ်ရေးဌာနကို သွားရောက် ပို့ဆောင်ပေးသည့်အချိန် သူဌေးတွေ တချို့နဲ့ ပွဲစားတချို့က တိုင်တန်းလိုက်တယ်။ တိုင်လိုက်တော့ အဲဒီအဖွဲ့ ကျနော်တို့ကို လာရောက် စစ်ဆေးတဲ့အခါမှာ ကျနော် AAC မှ စေတနာ့ ဝန်ထမ်းနှစ်ယောက်ကို ဖမ်းဆီးဖို့လုပ်တယ်။ စာရွက်စာတမ်းစုံရဲ့သားနဲ့ အဲဒီလို ဖြစ်တာကနေပြီးတော့ ကျွန်တော်ဝင်ပြီးတော့ သူတို့နဲ့ အတိုက်အခံလုပ်တယ်။ အချေအတင်ဖြစ်တယ်။ အဲဒီကိစ္စကို သူတို့ဘက်က နိုင်ငံရေး အငြိုးအတေးထားပြီးတော့ တိုင်ချက်ဖွင့်ပြီးတော့ စာပို့ပြီး ဆင့်ခေါ်တဲ့အထိကို လုပ်တဲ့အဆင့်ရောက်တာပါ”ဟု သူက ပြောသည်။

ထိုင်းနိုင်ငံတွင် NGO အလုပ်လုပ်သူများ၊ အလုပ်သမားအရေးဆောင်ရွက်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အလုပ်သမားများကြားတွင် ယခုကဲ့သို့ စာဖြင့် ဆင့်ခေါ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သူက ပြောသည်။

လာမည့် ဇွန်လ ၆ ရက်တွင် အလုပ်အကိုင်ရှာဖွေရေးဌာနသို့ မသွားရောက်ပါက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် ဖျက်သိမ်းခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းနှင့် ဒဏ်ငွေအဖြစ် ဘတ် ၁၀,၀၀၀ (မြန်မာကျပ်ငွေ သုံးသိန်း) ချမှတ်မည်ဖြစ်ကြောင်း သူက ပြောသည်။

သူ့အား အလုပ်သမားအရေးဆောင်ရွက်နေမှုအပေါ် ဖိအားပေးခြင်း ဖြစ်သလို၊ ထိုင်းနိုင်ငံတွင် အလုပ်သမား အရေးဆောင်ရွက် သူများကိုလည်း ဖိအားပေးခြင်း ဖြစ်သည်ဟု ကိုရဲမင်းက သုံးသပ်သည်။

“ကျနော်ကတော့အမှန်တရားအတွက် ပြန်ပြီးတော့ ရင်ဆိုင်မှာပါ။ ကျနော် ဘာအပြစ်မှ လုပ်မထားဘူး။ ကျနော်အလုပ်သားအရေးတာ ဖြစ်တဲ့အတွက် ကျနော့်ဘက်က အမှားဆိုလို့ တာဝန်ရှိတဲ့လူတွေကို ပြန်ပြီးတော့ ပြန်ရင်ဆိုင်တယ်။ ပြန်ပြောတယ်။ အဲဒါကို ကျနော့်ကို သူတို့က အမှားအဖြစ်သတ်မှတ်တာပါ”ဟု သူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကိုရဲမင်းအား သူ၏ အဖွဲ့အစည်းဖြစ်သော Raks Thai Foundation မှ တာဝန်ရှိသူများ၊ ရှေ့နေ ဦးအောင်မျိုးသန့်က ကူညီဆောင်ရွက်ပေးမည် ဖြစ်ပြီး မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်တို့ကလည်း ထောက်ခံရပ်တည်ပေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ကိုရဲမင်းသည် RaksThai Foundation တွင် ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်မှာ ၁၀ နှစ်ခန့် လုပ်ဆောင်နေပြီ ဖြစ်ကာ AAC အဖွဲ့တွင်လည်း သုံးနှစ်ကြာ လုပ်ဆောင်နေသူ ဖြစ်သည်။

AAC အဖွဲ့သည် ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမား အခက်အခဲများကို ကူညီစောင့်ရှောက်ပေးခြင်း၊ လုပ်အားခမရရှိခြင်း၊ ပြဿနာများကို ဖြေရှင်းပေးခြင်း၊ လူမှောင်ခိုကူးမှုများ၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခံရမှုများကို ဖြေရှင်းပေးသော အဖွဲ့အစည်းတခုဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly