ကာရာအိုကေဘားဆိုင် မိန်းကလေး အသတ်ခံရမှု သံသယရှိသူများကို မြန်မာက ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေး

ကာရာအိုကေဘားဆိုင် မိန်းကလေး အသတ်ခံရမှု သံသယရှိသူများကို မြန်မာက ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေး
Photo - Preeyanuch “Preaw” Nonwangchai - Facebook

ထိုင်းနိုင်ငံ ခွန်ခန်မြို့ ခို့ဆူအန်ခေါင်းခရိုင်အတွင်းဖြစ်ပွားခဲ့သော ကာရာအိုကေဘားဆိုင် မိန်းကလေးအား စက်ဆုပ်ဖွယ် သတ်ဖြတ်မှုနှင့် ပတ်သက်ကာ ဖမ်းဆီးထားသူ သံသယရှိ အမျိုးသမီးသုံးဦးအား ထိုင်းအာဏာပိုင်များထံ လက်လွှဲပြောင်းပေးအပ်သည်။

မေ ၂၃ ရက်က ခွန်ခန်မြို့တွင် အသက် ၂၂ အရွယ် ဝါရီဆာရာအား သတ်ဖြတ်သည်ဟု သံသယရှိသည့် အမျိုးသမီးသုံးဦးဖြစ်သော ပရီးယန်နက် (၂၄ နှစ်)၊ ကာဝီတာ(၂၅နှစ်)၊ အပီဝန်(၂၈နှစ်) တို့အား မြန်မာနှင့် ထိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိများကြား ဆိုင်မြစ်ဖြတ် တံတားအလယ်တွင် ဇွန် ၃ ရက်က ညပိုင်းက ထိုင်းအာဏာပိုင်များထံ တရားခံလက်ပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်မြို့ကော်မတီ TBC မှ မြန်မာကိုယ်စားပြု တွဲဖက်ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး အောင်မင်းဦးနှင့် တာချီလိတ်ရဲစခန်းမှူး ရဲမှူး သန်းဝင်းတို့က TBC ထိုင်းကိုယ်စားပြု တွဲဖက်ဥက္ကဌနှင့် ဖာမောင်တပ်ဖွဲ့ အမှတ် ၃ သံချပ်ကာယန္တရားတပ် တပ်မှူး ဗိုလ်မှူး ကီဒါခွန်ချန်တရာထံ အရေးကြီးသတင်းစကား ပို့ခဲ့ပြီးနောက် ည ကိုးနာရီနောက်ပိုင်းတွင် တရားခံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းစကား လက်ခံရရှိပြီးနောက် ဗိုလ်မှူး ကီဒါခွန်ချန်တရာ အမိန့်ဖြင့် ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးရုံး အကြီးအကဲ ရဲမှူး အက်ခွန်၊ မဲဆောက်ရဲဌာနအကြီးအကဲ ရဲမှူး ဆွန်ခရစ်နှင့် TBC ထိုင်းကိုယ်စားလှယ်အဖွဲ့ဝင်များ ဦးဆောင်ကာ မြန်မာအာဏာပိုင်များထံမှ သံသယတရားခံများကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

ဆိုင်မြစ် ထိုင်းဖက်ကမ်းတွင် ကမ္ဘာ့လှည့်ခရီးသွားများအပါအဝင် လူတော်တော်များများက တရားခံလွှဲပြောင်းမှုကို တွေ့မြင်ကြည့်ရှုခဲ့ကြသည်။

ထိုသို့ တရားခံလွှဲပြောင်းပြီးနောက် တံတားကို ပိတ်ခဲ့ကာ နောက်နေ့ ဇွန် ၄ ရက် နံနက် ခြောက်နာရီခွဲတွင် ပုံမှန်အတိုင်း ပြန်ဖွင့်ခဲ့သည်။

ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးရုံးတွင် သံသယရှိသူသုံးဦးကို ဦးစွာထိန်းသိမ်း စစ်မေးမည်ဖြစ်ကြောင်း ဗိုလ်မှူး ကီဒါခွန်က ပြောသည်။

ထိုင်းအာဏာပိုင်များထံ ထိုသုံးဦးအား လွှဲပြောင်းပေးမှုနှင့် ပြီးခဲ့သည့်ည စစ်ကြောမှုတွင် ၎င်းတို့သုံးဦးက လူသတ်မှုကို ဝန်ခံကြောင်း လူဝင်မှုကြီးကြပ်ရေးရဲဗျူရို ကော်မရှင်နာမင်းကြီး ရဲမှူးချုပ် နက်သာသွန်းက အတည်ပြုသည်။

ချင်းရိုင်သို့ ဇွန် ၄ ရက် နံနက် ခုနစ်နာရီတွင် လေယာဉ်ဖြင့် သွားရောက်ပြီး ၎င်းတို့သုံးဦးကို ဘန်ကောက်သို့ ခေါ်ယူလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အခင်းဖြစ်ပွားရာ ခိုဆူအန်ခေါင်းခရိုင်ရဲမှူး ပတ်ဖန်းကလည်း ချင်းရိုင်သို့ သွားရောက်ကာ ၎င်းတို့သုံးဦးအား ဘန်ကောက်ရှိ လူဝင်မှုကြီးကြပ်ရေးရဲဗျူရိုသို့ ခေါ်ဆောင်လာပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု ပြောသည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် ၎င်းတို့သုံးဦးအား ခွန်ခန်မြို့သို့ လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ကာ စစ်မေးပြီး မူခင်းကျူးလွန်ပုံကို ပြန်လည်သရုပ်ပြခိုင်းမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly