အပျက်အစီးစာရင်းများကို ကောက်ခံပြီးပါက ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်

အပျက်အစီးစာရင်းများကို ကောက်ခံပြီးပါက ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ ဇွန် ၄ ရက်။          ။ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှု အများအပြားခဲ့ပြီး အပျက်အစီးစာရင်းများကို ကောက်ယူလျှက်ရှိရာ တိတိကျကျကောက်ခံပြီးပါက ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများ အခြေအနေနှင့်ပတ်သက်၍ စာရင်းကောက်ခံနေဆဲသာဖြစ်ပြီး တိကျသည့်စာရင်းဇယားများကို ကောက်ခံနိုင်ခဲ့ခြင်းမရှိခြင်းမှာ တချို့နေရာများတွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားသည့်အတွက်ကြောင့် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ဝန်ကြီးချုပ်အစည်း အဝေးတွင် ပြောကြားခဲ့သည်။

“ပျက်စီးမှုတွေက သိပ်ပြီးတော့ ကြီးကြီးမားမားမရှိခဲ့ပေမယ့် အများအပြား ပျက်စီးခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ကျွန်တေ်ာတို့ စာရင်းဇယားတွေ ကောက်ခံနေပါတယ်။ တိကျတဲ့စာရင်းဇယားတွေ ရလာတာနဲ့အမျှ ကျွန်တော်တို့ပြည်နယ် အစိုးရအဖွဲ့ ပြည်ထောင်စုအစိုးရတို့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်ဦးညီပုကပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း လေမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများအား အစိုးရအဖွဲ့အပြင် နိုင်ငံတကာအဖွဲ့အစည်းများကလည်း စာရင်းကောက်ယူလျှက်ရှိပြီး ယခုရရှိထားသည့် စာရင်းများမှာ အစိုးရအဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စာရင်းမှာ ကွဲလွဲမှုများရှိနေကြောင်း သိရသည်။

“UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း စာရင်းတွေကောက်နေပါတယ်။ သူတို့မှာရရှိထားတဲ့ စာရင်းတွေနဲ့ ကျွန်တော်တို့ရရှိထားတဲ့စာရင်းတွေ အနီးစပ်ဆုံးဖြစ်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် နည်းနည်း ကွယ်ဟချက်တွေရှိနေတယ်လို့ သိရပါတယ်။ တိတိကျကျရမှပဲ ရှေ့ဆက်ဆောာင်ရွက်ဖို့အတွက် အကောင်းဆုံးဖြစ်မှာပါ။”ဟု ဝန်ကြီးချုပ်က ပြောသည်။

ယင်းသို့ အစိုးရကောက်ယူထားသည့် စာရင်းဇယားများနှင့် နိုင်ငံတကာအဖွ့ဲအစည်းများ ရရှိထားသည့်စာရင်တို့ ကွဲလွဲနေခြင်းမှာ ယခင်ကစာရင်းဟောင်းများ ပါဝင်နေသည့်အတွက် သတိထားပြုလုပ်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် လေမုန်တိုင်းကြောင့် ၁၅ မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကာ ပျက်စီးခဲ့သည့် အဆောက်အဦးများ၏ ရာခိုင်နှုန်းအများစုမှာ အစိုးရ၊ ဌာနဆိုင်ရာအဆောက်အဦးများ ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly