ရှမ်းမြောက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

ရှမ်းမြောက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ
TNLA တပ်သားတစ်ယောက်အား တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန် ၊ ဇွန် ၄ ။           ။ ရှမ်းပြည်မြောက်ပိုင်းတွင် တပ်မတော်နှင့် TNLA တို့ အကြား နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု TNLA ပြောဆိုခွင့်ရှိသည့် ဗိုလ်မှူး တာအိုက်ကျော်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ဒီ ၅ လပိုင်းထဲမှာ တိုက်ပွဲက နည်းနည်း စိပ်တယ်။ ကွတ်ခိုင်၊နမ္မတူ၊ နမ့်ခမ်း အဲ့ဒီဘက်တွေမှာ နေရာအနံှ့ ဖြစ်တယ်။ ၂၁ရာစုပင်လုံကျင်းပနေတဲ့ အချိန်တွေလည်းဖြစ်တယ်။ ၂၃ ရက်နေ့လည်းဖြစ်တယ်၊ ပြီးတော့ ၂၆ ၊၂၇၊၂၈၊၂၉ လကုန်တဲ့အထိပေ့ါ ဖြစ်တယ်" ဟု ဗိုလ်မှူးတာအိုက်ကျော်က ဆိုသည်။

လက်ရှိတွင် ဇွန်လဆန်းထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများ ရှိနေခြင်း ကြောင့် နမ္မတူမြို့ပေါ်တွင် စစ်ဘေးရှောင် ဒုက္ခသည်များ ရောက်ရှိနေပြီး ဒုက္ခသည်ပေါင်း ၄၀၀ နီးပါး ရှိနေသည်ဟု နမ္မတူမြို့ စစ်ဘေးရှောင် စခန်းတာဝန်ခံ စိုင်းဘဉာဏ် ကဆိုသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ၆ ရက်ကြာ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို TNLA မှ မြောက်ပိုင်းအဖွဲ့များနှင့် အတူ တက်ရောက်ခဲ့သည်။

ယင်းနောက် ငြိမ်းချမ်းရေးကော်မရှင် ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တစ်ဖွဲ့ချင်း သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့သော်လည်း မည်ကဲ့သို့သော အချက်များ ဆွေးနွေးခဲ့သည်ကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags