NLD ပါတီ နာယက သူရဦးတင်ဦးအား ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု

NLD ပါတီ နာယက သူရဦးတင်ဦးအား ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု
ဓာတ်ပုံ - သက်ကို

ဇွန်လ ၃ ရက်။                    ။ NLD ပါတီ နာယက သူရဦးတင်ဦး တက်ရောက်ကုသနေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဇွန်လ ၃ ရက်တွင် လာရောက်ကြည့်ရှု့ခဲ့သည်။

ဇွန်လ ၃ ရက်နေ့ ၊ ညနေ ၄ နာရီမှာ လာရောက်ကြည့်ရှု့ခဲ့တာဖြစ်ပြီး သူရဦးတင်ဦးအနေဖြင့် ယခင်ကထက် ကျန်းမာရေးတိုးတက်ကောင်းမွန်လာကြောင်း သိရသည်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပါ လာရောက်ခဲ့သည်။

ယနေ့ သူရဦးတင်ဦးအနေဖြင့်  ဆေးရုံတက်သည့် ၁၆ရက်မြောက်နေ့ဖြစ်ပြီး သူရဦးတင်ဦးဟာ လက်ရှိအချိန်တွင် စကားပြောဆိုရာ၌ စကားမပီသေးသော်လည်း စကားပြောလာနိုင်ပြီဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊   ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကိုက ပြောသည်။

ထို့ပြင် သူရဦးတင်ဦးသည် ပူတင်းကဲ့သို့ အစာပျော့ကို စားနိုင်ပြီဖြစ်ပြီး တပ်ဆင်ထားသော ဆီးပိုက်ကို မနေ့ညက ဖြုတ်လိုက်ပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကို က ဆိုသည်။

"ထိုင်တာ၊ ထတာတွေ အကုန်လုပ်နိုင်ပါတယ် ။ ညာဘက်လက်နဲ့ ခြေထောက်ကတော့ နည်းနည်းပဲ လှုပ်နိုင်သေးတယ်။ စကားကလည်း ပြောတော့ပြောတယ် မပီသေးဘူး"ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊  ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကို က မဇ္ဈိမသို့ ပြောသည်။

 ပြီးခဲ့သည့် မေလ ၁၇ ရက်ညက သူရဦးတင်ဦးသည် နေအိမ်ရေချိုးခန်းမှာ သတိလစ်ကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် အသက် ၉၁ နှစ် ရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly