KIO က မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် လုပ်ဆောင်နေသော လက်ရှိ နိုင်ငံရေးအခြေအနေများကို ရှင်းလင်း

KIO က မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် လုပ်ဆောင်နေသော လက်ရှိ နိုင်ငံရေးအခြေအနေများကို ရှင်းလင်း
ဓာတ်ပုံ - Hkun Aung Nlam FB

ဇွန်လ ၃ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။               ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ပူးပေါင်း၍ လုပ်ဆောင်နေသော လက်ရှိ နိုင်ငံရေး အခြေအနေများ ပတ်သက်၍ လိုင်ဇာမြို့၊ ပဒန်ခန်းမတွင် ဇွန်လ ၃ ရက်နေ့က ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။

KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက လက်ရှိ KIO ၏ နိုင်ငံရေးလမ်းစဉ်ဖြစ်သော မြောက်ပိုင်း မဟာမိတ် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံရေး ဆွေးနွေးသွားရန်နှင့် ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံ တက်ရောက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းခဲ့သည်ဟု KIO ၏ ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ကေအိုင်အိုရဲ့ နိုင်ငံရေးလမ်းစဉ်ကို တင်ပြဆွေးနွေးတဲ့ အခမ်းအနားလို့ ပြောတာပေါ့။ ကျွန်တော်တို့ ကေအိုင်အို ဒုဥက္ကဋ္ဌ အနေနဲ့ အခုလောလောဆယ် ကေအိုင်အိုရဲ့ အခြေအနေတွေကို ရှင်းလင်းတယ်။ အဓိက မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ နိုင်ငံရေး လျှောက်လှမ်းဖို့ ပြင်ဆင်ထားတဲ့အကြောင်းတွေ၊ ၂၁ ရာစုပင်လုံ ညီလာခံမှာ ကေအိုင်အို ကိုယ်စားလှယ် အနေနဲ့တက်တာ မဟုတ်ဘူး။   မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ကိုယ်စားလှယ်အနေနဲ့ တက်တဲ့အကြောင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိတ်ဆုံစားပွဲမှာ တွေ့ဆုံရတဲ့အကြောင်းတွေ ရှင်းပြပါတယ်။ တခြား ထူးထူးထွေထွေ မပြောဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

“ညီလာခံမှာ စာတမ်းတင်ပြတဲ့အပိုင်း မပါဘူးဆိုတော့ လာရောက်တဲ့အကြောင်းတွေပဲ ပြောပြတာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တော့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ ပတ်သက်တာ မပြောဘူးတဲ့ ၊သူတို့ ကလေးတွေရဲ့ ပညာရေးကိစ္စတွေ၊ မိသားစု ပုံစံနဲ့ ပြောတဲ့စကားပါ။ အဲလောက်ပဲ ပြောတယ်”ဟု သူက ဆက်ပြောသည်။

ထို့ပြင် အစိုးရဘက်မှ မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန် ကော်မတီ တစ်ရပ် ဖွဲ့စည်းထားပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရတို့ မကြာမီ တွေ့ဆုံ ဆွေးနွေးရန် အစီအစဉ်ရှိပြီး   တွေ့ဆုံနိုင်လိမ့်မည်ဟု မျော်လင့်ကြောင်း တင်ပြခဲ့သည်ဟု သူက ပြောသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း၍ နိုင်ငံရေးဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အောက်ခြေတပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လူထုအား ရှင်းလင်းခြင်း ဖြစ်ဖြစ်ကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့တို့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီတွင် KIO ပါဝင်ခဲ့သည်။

ထိုရှင်းလင်းပွဲသို့ KIO မှ ဗဟိုကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ခရစ်ယာန် ဂိုင်းပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ ကချင်လူထု ကိုယ်စားလှယ်များ အပါအဝင် ၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

ထိုသို့ ရှင်းလင်းပွဲ လုပ်နေချိန်တွင် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တွင် ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသော်လည်း အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ဒု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

KIO သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက် စာတင်ထားပြီး ၎င်းနုတ်ထွက်စာနှင့် ပတ်သက်၍ ဇွန်လလယ်တွင် ကျင်းပမည့် UNFC ညီလာခံတွင် ဆုံးဖြတ်မည် ဖြစ်သည်။

KIO က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့်ပူးပေါင်း၍ နိုင်ငံရေးဆွေးနွေးရေး ဆက်သွားရန်နှင့် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ခဲ့၇သည့်အကြောင်း စသည့် အချက် ၃ ချက်ကို ရှင်းလင်းခဲ့သည်ဟု ရှင်းလင်းပွဲ တက်ရောက်လာသူ တစ်ဦးက ပြောသည်။

“ကေအိုင်အိုက မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းလိုက်လို့ ယူအန်အက်ဖ်စီကနေ ထွက်ရတယ်၊ ဝ ရဲ့ ဦးဆောင်မှုနဲ့ ဆက်သွားမယ်။ ဒါပေမဲ့ သူတို့ ဆုံးဖြတ်အတိုင်း လိုက်သွားမှာ မဟုတ်ဘူး။ အလုပ်အတူတူလုပ်တာဖြစ်တယ်။ ၂၁ ညီလာခံ တက်တာကလည်း သူချင်းမိုင်မှာ ရောက်နေတုန်း သူ့ကို ဝ ခေါင်းဆောင်က ကေအိုင်အိုကို ခေါင်းဆောင်အဖြစ် တက်ရောက်ဖို့ ဖုန်းဆက် လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန် နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘာမှ မပြောဘူးလို့ ပြောတယ်”ဟု သူက ပြောသည်။

ဇွန်လ ၂၀ ရက်နေ့တွင် ကျင်းပမည့် UNFC ညီလာခံတွင် KIO ကိုယ်စားလှယ် ၂ ဦး စေလွတ်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်ဟု သူက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly