လျှပ်စစ်ရဖို့ ကျောက်မီးသွေးက တစ်ခုသောနည်းလမ်းမဟုတ်ဟု ဒေါက်တာထွန်းလွင်ပြော

လျှပ်စစ်ရဖို့ ကျောက်မီးသွေးက တစ်ခုသောနည်းလမ်းမဟုတ်ဟု ဒေါက်တာထွန်းလွင်ပြော
Green Peace ၏ ကျန်းမာရေးထိခိုက်မှု သုံးသပ်ချက်တွင် ပါဝင်သော ကျောက်မီးသွေးသုံး ဓာတ်အားထုတ်သုံး စီမံကိန်းများ

ဇွန်လ ၃ ရက်၊               ။ မြန်မာနိုင်ငံအနေနဲ့ လျှပ်စစ်ရရှိဖို့ ကျောက်မီးသွေးက တစ်ခုသောနည်းလမ်းမဟုတ်ဘူးလို့ ဒေါက်တာထွန်းလွင်က  ဒီကနေ့ ပြောလိုက်ပါတယ်။

လူပြောများနေတဲ့ ကျောက်မီးသွေးနဲ့ပတ်သက်လို့ ဒေါက်တာထွန်းလွင်က အဓိကအချက်တွေကို သတိပြုသင့်ကြောင်း  တစ်ချက်ချင်းအလိုက် ဇွန်လ ၃ ရက်နေ့၊ သူ့လူမှုကွန်ယက်ပေါ်မှာ ပြောခဲ့တာပါ။

အဓိကပြောချင်တဲ့ အချက်တွေအနေနဲ့  လျှပ်စစ်ဟာ တိုင်းပြည်အတွက် အလွန်လိုအပ်တာ လက်ခံကြောင်း ပြောခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ လျှပ်စစ်ရရှိဖို့ ကျောက်မီးသွေးက တစ်ခုသော နည်းလမ်းမဟုတ်ဘူးလို့ ရေးသားခဲ့ပါတယ်။

ထို့ပြင် လျှပ်စစ်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်က ရရှိနိုင်ကြောင်း ပြောခဲ့ပြီး ကျောက်မီးသွေးစက်ရုံ ဆောက်လုပ်ပါက တာဝန်ယူမှု၊ တာဝန်ခံမှုတွေ အများကြီးလိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ကျောက်မီးသွေးဟာ ရာသီဥတုနဲ့ လူသားကျန်းမာရေးဆိုင်ရာတွေမှာ ထိခိုက်မှုများတယ်လို့ ဆိုခဲ့ပြီး မြန်မာပြည်မှ ထွက်တဲ့ကျောက်မီးသွေးက စတုတ္ထအဆင့်အတန်းအစားမို့ ပိုပြီး ညစ်ညမ်းတယ် လို့ သုံးသပ်ထားပါတယ်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ပတ်သက်ပြီး “လျှပ်စစ်ရနိုင်တဲ့ Renewable Energy Source Potentials တွေ အများကြီးရှိနေတယ်” ဟု ဒေါက်တာထွန်းလွင်က သုံးသပ်ခဲ့ပြီး Renewable Energy နဲ့ပတ်သက်တဲ့ လေ့လာမှုအစီရင်ခံစာ အကြံပြုချက်တွေ အများကြီးရှိပါတယ်လို့ ပြောပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်( Renewable Energy) ဖြစ်တဲ့ နေစွမ်းအင်၊ လေစွမ်းအင်တွေဟာ ကနဦး တန်ဖိုးအရင်းအနှီးများပေမယ့် ရေရှည်မှာ အခြားနည်းလမ်းတွေထက် ကုန်ကျစရိတ် သက်သာပါတယ်လို့  မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အကြံပြုထားပါတယ်။ 

Renewable Energy နှင့် ပတ်သက်ပြီး WWF, REAM, GREENPEACE အစီရင်ခံစာများ စသည်ဖြင့် ဥပမာပြုထားပြီး မကြာသေးခင်ကမှ  မြန်မာပြည်တွင်း  ပြည်သူ့ကျန်းမာရေးဆိုင်ရာ   ကျောက်မီးသွေးအန္တရာယ် အစီရင်ခံစာကို Greenpeace က မြန်မာဘာသာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် လျှပ်စစ်လိုအပ်ချက်အတွက် ကျောက်မီးသွေးစက်ရုံ ၁၀ ရုံထက်မနည်း လည်ပတ်ရန် လျာထားသည်။

“ကျွန်တော်တို့ အဓိကထားလုပ်နေတာကတော့ နိုင်ငံတော် နဲ့ ပြည်သူတွေ အတွက် အကျိုး မထိခိုက်စေဖို့  Check and Balance အလုပ်ပါ” လို့ ဒေါက်တာထွန်းလွင်က ရေးသားထားပါတယ်။

ကျောက်မီးသွေးစက်ရုံများမှ ထုတ်လွှတ်သည့် အမှုန်များနှင့် သတ္တုများသည် လူကို အဆိပ်သင့်စေပြီး  အဆုတ်၊ သွေး၊ ဦးနှောက်၊ ကလေးသူငယ်တို့တွင် ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

အဆုတ်နှင့်ဆိုင်သော အဆုတ်ကင်ဆာ၊ ပန်းနာရင်ကြပ်၊ အဆုတ်ယိုယွင်းခြင်း၊ ကလေးတွင် အဆုတ်ဖြစ်ပေါ်မှု ပုံမမှန်ခြင်းနှင့် သွေးနှင့်ဆိုင်သော ယောင်ရမ်းခြင်း၊   သွေးခဲမှုမြင့်တက်ခြင်း၊   သွေတိုးခြင်းများ ဖြစ်ပေါ်စေနိုင်သည်

ထိုပြင် ဦးနှောက်နှင့်ဆိုင်သော လေဖြတ်ခြင်း၊ ဦးနှောက်မှတ်ဉာဏ်ကျခြင်း၊ ပင်မဦးနှောက်အာရုံကြောရောဂါ၊ နှလုံးနှင့်ဆိုင်သော အမောဖောက်ခြင်း၊   နှလုံးခုန်နှုန်းပြောင်းလဲခြင်း၊   နှလုံးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပေါ်စေနိုင်ကာ ကလေးသူငယ်များတွင် ပေါင်မပြည့်သော ကလေးများမွေးဖွားခြင်း၊ သန္ဓေသားကြီးထွားမှု ပုံမမှန်ဖြစ်ခြင်း၊ လမစေ့ဘဲမွေးခြင်း၊ စိတ်ပိုင်း၊ခန္ဓာပိုင်းဆိုင်ကြီးထွားမှု ပုံမှန်မဟုတ်ခြင်းများအပြင် အမျိုးသားများတွင် မျိုးပွားမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်တတ်တယ်လို့ Green Peace အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly